#Local_News
Published - 15 August 2022

 

တရုတ် ယွမ်လဲလှယ်နှုန်းသည် စံချိန်တင်မြင့်တက်နေပြီး ယွမ် ၁၀၀ ကို ကျပ် ၄၀,၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိကြောင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သည်ဈေးကွက်မှ သိရသည်။

 

အဆိုပါ ယွမ်ဈေးနှုန်းသည့် ပြီးခဲ့သည့် ရက်ပိုင်းကစပြီး ဆက်တိုက်မြင့်တက်နေ ခြင်းဖြစ်ကာ ငွေလဲနှုန်းမြင့်တက်နေခြင်းကြောင့် ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မူဆယ်ကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ပုံမှန်အားဖြင့် တရုတ်ယွမ်ငွေ ၁၀၀ ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုအခါ ကျပ် ၄၀,၀၀၀ ကျော်အထိမြင့်တက်လာခြင်းသည် ယခုနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ငွေကြေးစျေးကွက်မှ သိရသည်။

 

လက်ရှိတွင် ယွမ်ကျပ် တိုက်ရိုက်လဲလှယ်ပြီး တရုတ်ယွမ်ငွေလဲနှုန်းသည့် ယခု (ဩဂုတ်) လဆန်းပိုင်းက စတင်ပြီး တရိပ်ရိပ် မြင့်တက်လာကာ ယွမ် ၁၀၀ ကိုကျပ် ၃၀,၀၀၀ ကျော်အထိ စတင်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

 

နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် ကုန်သည်များသည် မြန်မာငွေမကိုင်ဘဲ တရုတ်ငွေများနှင့် လဲလှယ်နေခြင်းကြောင့် ပြည်တွင်းစျေးကွက်တွင်ယွမ်ငွေလဲလှယ်နှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/sth
##Yangon_Media_Group