#Local_News
Published _ 4 August 2022

 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသည့် ကလေးငယ်များအပါအဝင် မြန်မာလုပ်သား ၄၂ ဦးကို ဩဂုတ်လ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ကန်ချနဘူရီခရိုင်အာဏာပိုင်များက ကြိုတင်သတင်းများအရ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ကန်ချနဘူရီဒေသသတင်းဌာနတွင် ဖော်ပြထားသည်။

 

ဖမ်းဆီးခံရသူများအနက် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၇ ဦးပါဝင်ပြီး မိဘများနှင့်အတူလိုက်ပါလာသည့် ကလေးငယ်များလည်းပါ၀င်သည်။ ဒါ့အပြင် ယင်းမြန်မာလုပ်သားများကို ခေါ်လာသည့် လမ်းပြနှစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးခံထားရသူများဟာ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင်ဒေသများမှဖြစ်ပြီး ဘန်ကောက်မြို့၊ ရနောင်းခရိုင်၊ စမွတ်ဆာခွန်နှင့် ကန်ချနဘူရီခရိုင်မှာ အလုပ်လာလုပ်တာဖြစ်ကြောင်းသိရသည်။

 

အလုပ်ရရှိရန် ပွဲစားခအနေနှင့် ဘတ်တစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ နေရာအကွာအဝေးပေါ်မူတည်ပြီး ပေးခဲ့ရကြောင်း ဖမ်းမိသူအချို့က ထွက်ဆိုပြောကြားချက်အရ သိရသည်။

 

ယင်းနောက် ဖမ်းဆီးခံရသူများကို အရေးယူရန် သက်ဆိုင်ရာရဲစခန်းမှာ ထိန်းသိမ်းထားရှိကြောင်း ကန်ချနဘူရီဒေသသတင်းဌာနတွင် ဖော်ပြထားကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group