#Local_News
Published _ 29 July 2022
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တရားမဝင်ကုန်သွယ်မှု တားဆီးနိုင်ရေးနှင့် ဖမ်းဆီးနိုင်ရေးတို့အတွက် ဆက်သွယ်သတင်းပေးပါက ဆုငွေပေးမည်ဟုဆိုကာ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်းမရှိသည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် တိုင်းနှင့်ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များမှ တားဆီး၊ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းများ၌ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပါက ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ပြည်သူများ ပူးပေါင်းပါဝင်မှုများလာစေရန် တရားမဝင် တင်သွင်း၊ တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး၊ ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း (သို့) လေလံတင် ရောင်းချခြင်းမှရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူများ၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအတွက် ဆုငွေများချီးမြှင့်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဆုငွေများချီးမြှင့်ပေးလျက်ရှိသဖြင့် တရားမဝင် တင်သွင်း၊တင်ပိုမှုများ တွေ့ရှိပါက တင်သွင်း၊ တင်ပို့ပစ္စည်းများနှင့်ပတ်သက်၍ သတင်းအချက်အလက် တိတိကျကျအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များထံ သတင်းပေးတိုင် ကြားနိုင်ကြောင်း သိရသည်။
သတင်းပေးပို့သူ၏ အချက်အလက်များကို လျှိုဝှက်စွာထိန်းသိမ်းထားရှိသွားမည်ဖြစ်ကာ ရရှိမည့်ဆုငွေများအား လျှိုဝှက်စွာဆက်သွယ်အကြောင်းကြား၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ymg/NN
#Yangon_Media_Group