#Local_News
Published - 28 July 2022

 

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့်စျေးနှုန်းထက် ပြင်ပစျေးကွက်တွင် ၂၂ သိန်းအထက်တွင်ရှိနေကြောင်း အရောင်းအဝယ်ပြုလုပ်နေသည့် ရွှေစျေးကွက်အတွင်းမှ သိရသည်။

 

ယနေ့ဈေးကွက်ပေါက်ဈေးသည် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၂၀ ပတ်ချာလည်သာ ရှိသော်လည်း ပြင်ပဒေါ်လာပေါက်ဈေးကို အခြေခံတွက်ချက်ပြီး ဝယ်/ရောင်းလုပ်ကြသည့် ပြင်ပဈေးကွက်တွင် ကျပ် ၂၂ သိန်းအထက်ကို ရောက်ရှိနေခြင်းဖြစ်သည်။

 

ပြည်တွင်းရွှေစျေးကွက်တွင် ဖြစ်ပေါ်နေသည့် ၂၂ သိန်းကျော် ပေါက်စျေးသည် စျေးကစားကြသူများ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး ထွက်ပေါ်နေသည့်သတင်းများမှာလည်း အမှန်မဟုတ်ပဲ ကောလဟာလများသာဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က YMG ကိုပြောသည်။

 

ယင်းအပြင် ကျပ် ၂၂ သိန်းအထက် ရောက်ရှိနေသည့် ရွှေဈေးကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်နိုင်သည့် အခြေအနေတွင်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၆ ရက်ကျင်းပပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

 

ဒေါ်လာစျေးနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းသည်လည်း ယင်းကဲ့သို့စျေးတတ်လာရခြင်းဖြစ်ကြောင်း၊ ယင်းအပြင်ရန်ကုန်ရွှေအသင်းအနေဖြင့် တရားမဝင်ရွှေရောင်းချသူများ မရှိစေရန်နှင့် စျေးကစားခြင်းမပြုစေရန် ရည်ရွယ်၍ မီးလင်းရွှေအတုံး အခဲအရောင်း အဝယ်ပြုလုပ်သူများကို လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် အသိပေးပြောကြားထားပြီး လိုင်စင်မရှိသည့် ရွှေဆိုင်များကိုလည်း ရွှေအရောင်း အဝယ်လိုင်စင်ပြုလုပ်ကြရန်ထုတ်ပြန်ကြေညာထားသည်။

 

ymg/sth
#Yangon_Media_Group