#Local_News
Published_27 July 2022

 

မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်မည့် မြန်မာနိုင်ငံသား ၅၈ ဦးအား ဇူလိုင်လ ၂၆ ရက် ညပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

ယင်းတို့သည် ကော့သောင်းက တစ်ဆင့် ထိုင်းကို ခိုးဝင်လာကြခြင်း ဖြစ်ပြီး ရနောင်းခရိုင်အရောက်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။

 

"သူတို့က မလေးကို သွားမလို့ လာကြတာ၊ ရနောင်းဘက်ကို ခိုးဝင်လာတာ။ ကရ ဘူရီမြို့နယ်၊ နမ်းကျွုတ်ကျေးရွာနားမှာ အဖမ်းခံရတာပေါ့။လူတစ်ယောက်ကို ပွဲစားခ ဘတ် ၃၅၀၀၀ ပေးပြီးတော့လာကြတာ။မကြာခဏ အဖမ်းခံနေရတာကို သိနေလည်း လာကြတာပဲ"ဟု အလုပ်သမားအရေးလိုက်ပါ ဆောင်ရွက်နေသူက ပြောသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် သက်သေခံ ကား (၃)စီးနှင့် ထိုင်းနိုင်ငံသား ပွဲစား(၃)ဦး၊ မြန်မာနိုင်ငံသား (၅၈) ဦးတို့ ထိုင်းနိုင်ငံ၏ ဥပဒေအရ အမှုဖွင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group