#LocalNews
Published_24 July 2022

 

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၁၂၅လမ်း၊၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ (စ)ဈေးမြောက်ဘက် တိုက်တန်းတွင် ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်ကို ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခဲ့ကာ ရွှေ(၁)ပိဿာကျော်နှင့် ငွေကျပ်သိန်း ၆၀ ကို ယူဆောင်သွားကြောင်း သိရသည်။

 

မောသစ်ရွှေဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်၍ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ခြေဖမိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတွင် မောသစ်အမည်ဖြစ် ဖွင့်လှစ်ထားသော ရွှေဆိုင်များအနက် ယင်းရွှေဆိုင်မှာ ဒုတိယအကြိမ်မြောက်ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဓားပြတိုက်ခံရသော ဆိုင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းနှင့် ၁၃၄လမ်းထောင့်ရှိ ဆိုင်ဖြစ်ကာ ယင်းအချိန်က ရွှေ ၆၅ ကျပ်သားနှင့် ငွေကျပ်(၁၁၈၀)သိန်း ယူဆောင်သွားကြကြောင်း သိရသည်။

 

ယမန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာကျေးရွာအုပ်စု၊နန္ဒမြောက်ကျေးရွာတွင် အမည်မသိအမျိုးသားသုံးဦးက သေနတ်ပစ်ဖောက်၍ လင်မယားနှစ်ယောက်ထံမှ ငွေနှင့်ဖုန်းများကို ဓားပြတိုက်ယူမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group