#Local_News
Published_ 24 July 2022

 

သံလွင်မြစ်ဝှမ်း စီမံကိန်းများ၊ ဧရာဝတီမြစ်ဝှမ်းမှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

 

အဲဒီရေအားလျှပ်စစ်စက်ရုံတွေဟာ ယခင်က ဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲအဆင့် စီမံကိန်းတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

 

ဇူလိုင် ၂၃ ရက်က နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်ဟာ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွေ စစ်ဆေးကြည်ရှုစဉ်မှာ အဆိုပါကိစ္စ ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ နေပြည်တော်၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အား ၁၄၀ မဂ္ဂါဝပ်ထွက်ရှိကာ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ကြောင်း သိရပါတယ်။

 

ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာတဲ့ ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံများမှ တစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။

 

အထက်ပေါင်းလောင်း မဂ္ဂါဝပ် (၁၄၀)၊ နန်ချို မဂ္ဂါဝပ် (၄၀) နှင့် အောက်ပေါင်းလောင်းမဂ္ဂါဝပ် (၂၈၀)တို့ကို အဆင့်ဆင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ အလယ်ပေါင်းလောင်းစီမံကိန်း (၁၆၆) မဂ္ဂါဝပ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိတဲ့အပြင် Hydromatrix အနိမ့်တမံစနစ်ဖြင့်လည်း ထပ်မံထုတ်လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

 

ဒုဌဝတီမြစ်ဝှမ်းတွင်လည်း အထက်ရဲရွာစီမံကိန်းမဂ္ဂါဝပ် (၂၈၀)၊ ရဲရွာစီမံကိန်း မဂ္ဂါဝပ်(၇၉၀)တို့ကိုလည်း အဆင့်ဆင့်ထုတ်လုပ်နေသကဲ့သို့ နမ္မတူသီပေါစီမံကိန်း မဂ္ဂါဝပ် (၂၁၀)၊ အလယ်ရဲရွာစီမံကိန်း (၇၃၅) မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် (၆၀)တို့ကို ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

 

ymg-mnn
#Yangon_Media_Group