#MyanmarNews

Published 18 July 2022

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာလေမြို့နယ် မြို့ရှောင်လမ်းအား ဖောက်လုပ်လျက်ရှိရာ ဇူလိုင်လ ပထမအပတ်မှ စတင်ကာ အနီးဝန်းကျင်ရှိ ရွာများတွင် နေထိုင်သူများမှာ သွားလာရခက်ခဲလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါတယ်။

 

မြို့ရှောင်လမ်းအား ယမန်နှစ်မှစတင်ဖောက်လုပ်ခြင်းဖြစ်ကာ ယခုနှစ်ဇူလိုင်လတွင်မိုးများခြင်းကြောင့် ဗွက်ထပြီး ရွှံ့နွံများဖြင့် သွားလာရခက်ခဲလျက်ရှိကြောင်း၊ သွားလာရလွယ်ကူစေရန် မြေပိုင်ရှင်များအား လမ်းလွှဲအသုံးပြုခွင့် တောင်းခံထားရာ ခွင့်ပြုခြင်းမရရှိသဖြင့်ကျောင်းသား ကျောင်းသူများ နေ့စဉ်ကျောင်းတက်ကျောင်းဆင်းပြုရာတွင် အခက်အများဖြင့် ကြုံတွေ့နေရကြောင်း တာလေမြို့နယ်နေသူတစ်ဦးထံမှ သိရှိရပါတယ်။

 

အဆိုပါ မြို့ရှောင်လမ်းအနီးတွင် ဝမ်ကောင်း၊ ဝမ်ကမ်နား၊ ပါခါး (၂)၊ နာဟိုင်းလုံ၊ ဝိန်းမနော်၊ နားဟိုင်းနွဲ၊ နမ့်ခမ်းဝ၊ စိုးမြင့်၊ ကျကစသည့် ကျေးရွာ (၉)ရွာ တည်ရှိပြီး အိမ်ခြေ (၃၁၄)ခန့်နှင့် လူဦးရေ (၁)ထောင်ကျော် ဝန်းကျင်နေထိုင်နေပါတယ်။

 

ကျေးရွာချင်းဆက် လမ်းများပေါ်မှ မြို့ရှောင်လမ်းပေါ်သို့ ဆိုင်ကယ် ၊ကားများ မောင်းနှင်ခွင့်မပြုသည့်အတွက် ပညာရေး၊ ကျန်းမာရေး ၊ဈေးသွားဈေးလာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရလျက်ရှိကြောင်း အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးကလည်းပြောပါတယ်။

ymg/ys-tcl
#Yangon_Media_Group