#Local_News
Published - 15 July 2022

 

ဗဟိုဘဏ်မှ ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်းပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉-က အရ ပြည်တွင်း၌ နေထိုင်သူများမှ ရယူထားသည့် ပြည်ပချေးငွေများကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသား ဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည် ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြရန်အတွက် AD လိုင်စင်ရဘဏ်များကို ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

 

၎င်းတို့အနေဖြင့် မိမိ၏ customer များဖြစ်သော ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသို့ချေးငွေ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် (Repayment Schedule) အား ပြည်ပရှိ ငွေချေးငှားသူ(ender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးရန် ဗဟိုဘဏ်မှ ညွှန်ကြားထားခြင်းဖြစ်သည်။

 

ymg/sth
#Yangon_Media_Group