#LocalNews
Published_9 July 2022

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

 

စစ်တွေမြို့၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ပြန်လာသည့် စက်လှေသမား ၅၅ ဦးကို Quarantine ထားရှိပြီး ကိုဗစ်ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ ဇူလိုင်လ (၇ )ရက်တွင် ၂ ဦး၊ ဇူလိုင်လ (၈)ရက်တွင် (၃)ဦး တို့တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

“ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကရောဂါပိုးတွေ့တဲ့ စက်လှေသမား ၃ ဦးရှိခဲ့တာကြောင့် ကျန်တဲ့ စက်လှေသမားတွေကို Quarantine ထားရှိပြီး စစ်ဆေးခဲ့တာမှာတွေ့တာပါ၊ အခုဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။မကြာခင် ဆေးရုံက ဆင်းရမှာပါ"ဟု အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကပြောသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည့် စက်လှေသမား ၃ ဦးမှာလည်း ကျန်းမာရေးကောင်းမွန်သည့်အတွက် ဆေးရုံမှဆင်းခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။

 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ကျော့ပြန်ကိုဗစ် ဖြစ်ပွားနေသောကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများအနေဖြင့် သတိထားနေထိုင်ကြရန် ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က တိုက်တွန်းခဲ့သေးသည်။

 

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလ ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လအတွင်းက ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုများလာတာကြောင့် ဇူလိုင်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၂ ရက်ထိ ပိတ်ထားခဲ့ကာ အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group