#Local_News
Published _ 7 July 2022

 

ပြည်ပနိုင်ငံများထံ ရောင်းချနေသည့် မြန်မာ့ဆန် တင်ပို့မှုပုံစံပြောင်းလဲရန်နှင့် အရည်အသွေးမြင့်မားသည့် စပါးမျိုးများကို (၃) နှစ်အတွင်း ဆန်တင်ပို့မှု နှစ်ဆ တိုးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က YMG ကို ယခုလို ပြောသည်။

 

"တင်ပို့မှုကို ပြောင်းလဲဆောင်ရွက်မယ်ဆိုတာက အရည်အသွေးကို ရှေးရှုတဲ့ quality driven export promotion model ကို ဆိုလိုတာပါ။ အရည်အသွေးကောင်း တန်းမြင့်ဆန်တွေကို ပိုမိုတင်ပိုရောင်းချခြင်းဖြင့် ပိုကုန် ဝင်ငွေ တိုးတက်ရရှိရေးနဲ့ ပြည်တွင်း ဆန်စက်တွေရဲ့ ကြိတ်ခွဲထုတ်လုပ်မှု အပါအဝင် အလုပ်အကိုင် တိုးချဲ့ခန့်ထားရေးတို့ပါ အကျိုးရှိနိုင်လို့ ပြောင်းလဲဆောင်ရွက်ဖို့ စီစဉ်တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

 

MRF ၏ ဖော်ပြချက်များအရ ယခုဘဏ္ဍာနှစ် ဇွန်လ ၂၅ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ တန်ချိန် ၅ သိန်းကျော် ရှိပြီး ဥရောပနှင့် တရုတ်နိုင်ငံများထံ ပင်လယ်ရေကြောင်းမှတစ်ဆင့် အဓိက တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

"တန်ချိန်တိုးဖို့ထက် ဝင်ငွေတိုးဖို့ပိုပြီး အလေးထားပါတယ်။ လက်ရှိအခြေအနေက တစ်နှစ်ကို ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ USD သန်း ၇၀၀ လောက် ပုံမှန်ဝင်ပါတယ်။ ဒါကို နောက် ၃-၄ နှစ်မှာ သန်း ၁၅၀၀ အထိ ဝင်ဖို့အတွက် စီစဉ်ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဖူလုံမှုအပြည့်အဝရှိပါတယ်။ ပိုမိုထုတ်လုပ်နိုင်အောင်နဲ့ တစ်ဧကအထွက် ယခုထက်ပိုတိုးအောင် တောင်သူတွေကို ထောက်ပံ့ကူညီမှုတွေပိုပြီး လုပ်ပေးရပါမယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ ဆိုသည်။

 

ဆန်စပါးသည် မြန်မာ့လယ်ယာထွက်ကုန်များ၏ နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးနိုင်သည့် ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ နှစ်ဆနီးပါးရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ပသို့ တင်ပို့ရောင်းချသည့် ဆန်အမျိုးအစားသည် ပြည်တွင်း စားသုံးနေသည့် ဆန်များနှင့် ကွဲပြားမှုရှိသောကြောင့် ပြည် တွင်း၌ လုံလောက်သော ထောက်ပံ့မှုရှိနေကြောင်း ယင်းမှသိရသည်။

 

ymg/NN
#Yangon_Media_Group