#Local_News
Published _ 28 June 2022

 

ပြည်တွင်း၌ လက်ကျန်သကြားနည်းလာခြင်းကြောင့် သကြားစက်ရုံကြီး အချို့တွင် သကြားရောင်းချမှုကို ထိန်းသိမ်းရောင်းချနေရသည့်အတွက် သကြားဈေး မြင့်တက်နေလျက်ရှိကြောင်း သိရသည်။

 

လက်ရှိ မိုးအဝင်ကာလတွင် သကြားဈေးကွက်နှစ်စဉ်အေးသည့် ရာသီဖြစ်သော်လည်း ဒေါ်လာဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါကအတက်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ဈေးကွက်မှတစ်ဆင့် သိရသည်။

 

ပြီးခဲ့သည့်နှစ်များက သကြားဈေးသည် တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် သကြားတစ်ပိဿာလျှင် ၂၁၀၀ ကျပ်မှ ၂၁၅၀ ကျပ်ခန့်ထိ ရှိနေကြောင်း သိရသည်။

 

ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ဈေးကောင်းရနေသည့်အတွက် ကြံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ယင်းမှသိရသည်။

 

ယခုနှစ်တွင် သကြားတန်ချိန် သုံးသိန်းခုနစ်သောင်းကျော် ထွက်ရှိမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ သကြားကိုအရည်အဖြစ်တင်ပို့နေကြောင်း၊ ယခုနှစ်မှစ၍ ဗီယက်နမ်သို့ပင်လယ်ရေကြောင်းကတစ်ဆင့် တင်ပို့နေရကြောင်းလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group