#Local_News
Published - 25 June 2022

 

ပြည်တွင်း၌ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အခက်အခဲများစွာရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများပြေးဆွဲမှု ရပ်နားမည်မဟုတ်ကြောင်း မြတ်မန္တာလာထွန်းအဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်းမှ သိရသည်။

 

"အခက်အခဲကတော့ ရှိတာပေါ့။ ကားထွက်တာနဲ့ ဆီဆိုင်မှာဆီထည့်တာနဲ့ ငွေကုန်ကြေးကျက များနေတယ်။ မနားအောင်တော့လုပ်နေရတာပေါ့။ ဆီဈေးဒီထက်မက တက်လာရင်တော့ တစ်ချက်ပြန်ပြီးဆွေးနွေးရမှာပေါ့။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ကတော့ ခရီးသည်တွေသွားလာရေးအဆင်ပြေအောင် ပြေးဆွဲပေးသွားမှာပါ။ ရပ်နားဖို့မရှိပါဘူး"ဟု မြတ်မန္တာလာထွန်းအဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်နားခဲ့ရပြီး လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှုများ၊ လုံခြုံမှုမရှိသည့် အခြေအနေများ စသည်တို့နှင့် ရင်ဆိုင်နေရချိန် စက်သုံးဆီဈေးမှာလည်း ၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းမှစ၍ မြင့်တက်လာရာ လက်ရှိ တစ်လီတာ ကျပ် ၂၃၀၀ ဝန်းကျင်မှ ကျပ်၂၅၀၀ နီးပါးအထိ ဒေသအလိုက် ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

 

လက်ရှိတွင် အခြားသောနာမည်ကြီးယာဉ်လိုင်းအချို့မှာ ခရီးသည်စီးနင်းမှုနည်းပါးလာသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်ခြင်းများနှင့် တွဲဖက်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

"အခက်အခဲက အများကြီးရှိတာပေါ့။ ဆီဈေးကတောက်လျှောက်တက်ပေမဲ့ ကားခက တက်လို့မရဘူး။ ဒီထက်ပိုတက်လာရင်တော့ ဈေးတက်သင့်ရင်တက်ရမှာပေါ့။ အဲဒါကလည်း အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ရအုံးမှာပါ။ လောလောဆယ်ခရီးသည်တွေ အဆင်ပြေအောင်သွားပေးနေတယ်။ ရပ်ဖို့တော့မရှိဘူး"ဟု တော်ဝင်အဆင့်မြင့်ခရီးသည်တင် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ymg/sth
#Yangon_Media_Group