#LocalNews
Published - 24 June 2022

 

'အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့'နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရုံးခန်းဖွင့်ပွဲကို ဇွန်လ(၂၅)ရက်တွင် ကျောက်တံတားမြို့နယ်ရှိ MSF အသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်၊၊

 

ဇွန်လ(၂၅)ရက်သည် အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့ဖြစ်သောကြောင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်MSFက ကြီးမှူးပြီး 'အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့' ကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်၊၊

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် MSF အသင်းချုပ်ဥက္ကဌ ကပ္ပတိန်ဦးစိုးမင်းအောင်က"ဇွန်လ(၂၅)ရက်ဟာအပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ ဖြစ်တယ်၊၊ ဒါကြောင့်မို့လို့ ဒီနေ့မှာ အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့ အခမ်းအနားကျင်းပတာဖြစ်ပါတယ်၊၊ အဲဒီ့အခမ်းအနားနဲ့အတူ အသစ်ပြန်လည်ပြုပြင်ခဲ့တဲ့ ကျောက်တံတားမြို့နယ်၊(၃၇)လမ်းရှိ MSF အသင်းချုပ်ရုံးခန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်၊၊ ဒီ MSF အသင်းချုပ်ရုံးခန်းကို အချိန်လေးလယူကာ သိန်း၁၃၀၀/၁၄၀၀ခန့် ကုန်ကျခံပြီး ပြင်ဆင်ခဲ့ပါတယ် "ဟု ပြောသည်၊၊

 

MSF အသင်းချုပ်ရုံးခန်းသည် (၁၉၀၆)ခုနှစ်ကတည် ဆောက်ထားပြီး ရေငွေ့ရိုက်ခြင်း၊ မှိုတက်ခြင်း၊ မိလ္လာစနစ်မကောင်းမွန်ခြင်းကြောင့် အကြီးစားပြုပြင်ရန် လိုအပ်၍ ပြုပြင်လိုက်ရခြင်းဖြစ်သည်၊၊ ယခုချိန်တွင် ရုံးခန်းအောက်ထပ်၌လူ(၁၀၀)၊ ထပ်ခိုးတွင် လူ(၁၀၀) စုစုပေါင်းလူ(၂၀၀) ဆံ့သွားပြီဖြစ်ပြီး အမှုဆောင်အစည်းအဝေးများ၊ သင်္ဘောသားဆိုင်ရာ ဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုးမင်းအောင်ထံမှ သိရသည်၊၊

 

ဇွန်လ(၂၅)ရက်တွင် ကျင်းပပြုလုပ်သည့် 'အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့'နှင့် MSF ရုံးခန်းဖွင့်ပွဲတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်ဖွင့်ခြင်း၊ ကော့သောင်းကမ်းလွန် လူလဲလှယ်ခြင်းလုပ်ငန်းစဥ်အတွက် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း၊ ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ်ထုတ်ပေးခြင်းအတွက် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း၊ အမှုဆောင်များ၊ လုပ်အားပေးဝန်းရံသူများနှင့် ရုံးဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group