#LocalNews
Published _24June 2022

 

ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံဘက်သို့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က တရားဝင်လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။


မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်၌ ကော့ဘဇားမြို့ အခြေစိုက် အမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံသို့ လာရောက်လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက ဆရာနှင့် ဆရာမတို့နှစ်ဦးအား မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်၍ ချစ်ကြည်ရေးတံတားမှ ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၅၈ မိနစ်တွင် သက်ဆိုင်ရာဌာနရှိ ဘေးကင်းလုံခြုံရာနေရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

 

ပြန်ပေးဆွဲခံထားရသော ဆရာနှင့် ဆရာမတို့နှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်နေသည့် ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ပြန်ပေးဆွဲအဖွဲ့က တောင်းခံထားသည့် မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန်လ ၂၂ ရက်က အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနှင့် ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး၌ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group