#LocalNews
Published_23 June 2022

 

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ကားတိုက်ခံရကာ သေဆုံးသွားသောကြောင့် ယင်းကို ဇွန်လ ၂၅ ရက်တွင် မလေးရှားနိုင်ငံ၌ သင်္ဂြိုလ်သွားမည် ဖြစ်ကြောင်း ဒါနကုသလနာရေးကူညီမှုအသင်း (ပီနန်း၊ မလေးရှား)က သိရသည်။

အဆိုပါ အမျိုးသမီးမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ နတ္တလင်းကျေးရွာ ဇာတိဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် မပြည်ခင်မယ်ဖြစ်ကြောင်း၊ ပီနန်းဘာတာဝပ်မြို့တွင် အလုပ်လုပ်ကိုင်နေကာ လမ်းဖြတ်ကူးစဉ်ကားနှင့် တိုက်မိခဲ့သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"သူက ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကားတိုက်ခံရတာ၊ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး ဆုံးတာပါ၊ သူ့အလောင်းကို စူဘာရမ်ဂျာယာဆေးရုံအအေးတိုက်မှာ ထားပါတယ်။ အဲဒီကနေ ဘာရပ်ပစ်သုသာန်မှာ သင်္ဂြိုဟ်မှာပါ၊ သူ့အနေနဲ့ လျော်ကြေးရမယ် မရဘူးဆိုတာတော့ သူ့ရဲ့ အေ့ဂျင့်နဲ့ ဆိုင်တယ်။ နည်းနည်းတော့ ရအောင်ကြိုးစားလို့ ရနိုင်ပါတယ်"ဟု ဒါနကုသလနာရေးကူညီမှုအသင်းတာဝန်ရှိသူက YMG ကို ပြောသည်။

 

မပြည်ခင်မယ်၏ နာရေးသို့ မလေးရှားနိုင်ငံရောက်မြန်မာများ လိုက်ပါပို့ဆောင်နိုင်ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group