#LocalNews
Published - 19 June 2022

 

လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်အပါအဝင်ဘက်ထရီစက်ဘီးတွေကိုပါ စီးနင်းခွင့် ထပ်မံပိတ်ပင်လိုက်ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

 

ဇွန်လ ၁၇ ရက်နေ့မှစတင်ပြီး စီးခွင့်ပိတ်လိုက်ခြင်းဖြစ်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဟုတ်တယ် ဘက်ထရီစက်ဘီးတွေစီးလို့မရဘူးဆိုပြီး လိုက်အော်တယ်။ ဆိုင်ကယ်စီးလို့မရတာကိစ္စမရှိဘူး။ ကျွန်တော်တို့က အလုပ်သမားဖြစ်တဲ့အတွက် ဘက်ထရီဘီးလေးတွေနဲ့သွားရတာ။ အခုလိုတွေပိတ်တော့ အဆင်မပြေတော့ဘူး။ ကားကလည်းအဆင်မပြေဘူး"ဟုငွေလင်ဗန်းစက်မှုဇုံမှ အလုပ်သမား ကိုအောင်အောင်ကပြောသည်။

 

အဆိုပါ ဆိုင်ကယ်၊ဘက်ထရီစက်ဘီးစီးခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက ဇွန်လ ၁၆ ရက်တွင်လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

 

လှိုင်သာယာမြို့နယ်တွင် အခြားတိုင်းနှင့်ပြည်နယ်များမှ အလုပ်သမားအများစုလာရောက်လုပ်ကိုင်နေထိုင်ခြင်းဖြစ်ပြီး လူဦးရေ တစ်သိန်းနီးပါးရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်းရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်တို့တွင်လည်း ဆိုင်ကယ်စီးခွင့် ပိတ်ထားကြောင်း သိရသည်။

အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ အမှတ် (၂) ယာဥ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးသို့ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

 

ymg/sth
#Yangon_Media_Group