#Local_News
Published_ 19 June 2022

 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ပထမဖောင်းရစ် ဧရိယာ ၂၆၀၄ စတုရန်းပေအား ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန်ရှိကြောင်း သိရပါတယ်။

 

စေတီတော်ကြီး ထီးတော်တင်လှူပြီးချိန်တွင် အပေါ်ပိုင်း စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်၊ ပန်းလည်တိုင်၊ ငှက်ပျောဖူးတော်၊ ကြာလန်ရွဲနှင့် ကြာမှောက်၊ အောက်ကြာ နုအထိ ရွှေစင်ရွှေပြားများကို တစ်ပြိုင်နက်ပူဇော်ထားရှိပြီး စေတီတော်မြတ်ကြီး၏ ဖောင်းရစ်အောက် ကြာမှောက်မှ ပန်းတည်ခုံသို့တိုင် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ရာ ရွှေစင်ရွှေပြား သုံးကျပ်သားအချပ်ရေ ၁၂၀၇ ချပ်၊ တစ်ကျပ်သား အချပ်ရေ ၂၂၀ တို့ဖြင့် ပထမအကြိမ် လှူဒါန်းပူဇော်ခဲ့ကြပါတယ်။

 

စေတီတော်မြတ်ကြီး၏ တတိယဖောင်းရစ်ဧရိယာ ၂၂၈၀ ဒသမ ၁၃ စတုရန်းပေအား ရွှေစင်ရွှေပြား ၂၅၅၄ ချပ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ကပ်လှူပြီးစီးခဲ့ပြီး ကျန်အောက်ခြေ ပန်းတည်ခုံအထိ ရွှေဆေးသင်္ကန်းကို ၂၀၁၅ ခုနှစ်တွင် ကပ်လှူခဲ့ပါတယ်။

 

ဒုတိယဖောင်းရစ်ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေအား ရွှေစင် ရွှေပြား ၂၂၃၂ ချပ်ကပ်လှူခြင်းနှင့် ကျန်အောက်ခြေပန်းတည်ခုံတိုင် ဧရိယာတို့အား ရွှေဆေးသင်္ကန်း ကပ်လှူခြင်းကို ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ် ကပ်လှူခဲ့ပါတယ်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အမြင့်ပေအောက် တစ်ပေလျော့၍ တည်ထားခဲ့ သော ၃၂၅ ပေ ဉာဏ်တော်အမြင့်ရှိသော ဥပ္ပါတသန္တိစေတီတော်ကြီးတွင် ဂေါတမ ဘုရားရှင်၏ “သာရီရက” ဓာတ်တော်အစစ်ခြောက်ဆူကို ဌာပနာ သွင်းလှူပူဇော်ထားရှိကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group