#LocalNews
Published - 15 June 2022

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း လေးမျိုးအား တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

Huncihbeauty-Fashion 2 in 1 Lipstick & Lipgloss ၊ PRIM PERFECT- Herbal Toothpaste ၊ Collagen Plus Vit E- Day & Night Cream နှင့် Princess- Whitening Night Cream လေး မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အလှကုန်ပစ္စည်း လေးမျိုးအနက် နှစ်မျိုးသည် ထိုင်းဘာသာဖြင့် ထုတ်လုပ်သည့်ကုမ္ပဏီနာမည်အား ဖော်ပြထားပြီး ကျန်နှစ်မျိုးမှာ ကုမ္ပဏီနာမည် ဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း သိရသည်။

 

တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

 

အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပိုဒ် (၃)(ဃ)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group