#LocalNews
Published_13 June 2022

 

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းအတွင်း ပြုတ်ကျသေဆုံးသွားသည့် လူသုံးဦး၏ ရုပ်အလောင်းရှာဖွေရေးရပ်နားလိုက်ပြီဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များက သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီခန့်က ဖားကန့်ဆေးရုံသို့ လသားအရွယ်ကလေးငယ်အား ကာကွယ်ဆေးထိုးပေးရန်လာရောက်သည့် မော်မောင်းလျှံကျေးရွာမှ မိသားစုတစ်စု စီးလာသော မော်တော်ယာဉ်မှာ ဖားကန့်မြို့ ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံ၊အေးမြသာယာအနီး ကားဘရိတ်ပေါက်ကာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ကျင်းအတွင်း ပြုတ်ကျခဲ့သည့်အတွက် ယာဉ်ပေါ်ပါ မိသားစုဝင်သုံးဦးလုံး သေဆုံးခဲ့ကြောင်းသိရသည်။

 

ယင်းမိသားစု ကားပြုတ်ကျခဲ့သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းမှာ အနက် ပေ ၄၀၀ ခန့်ရှိကြောင်း၊မိသားစုဝင်သုံးဦး၏ ရုပ်အလောင်းကို ဘတ်ဟိုးယာဉ်၊ ရေငုတ်ပစ္စည်းကိရိယာများဖြင့်သုံးရက်ခန့် အချိန်ပေးရှာဖွေခဲ့ရာ ဇွန်လ ၁၁ ရက်က အဆိုပါ မိသားစု စီးလာသည့် ပါဂျဲရိုကား အမျိုးအစားကိုသာတွေ့ရှိထုတ်ယူနိုင်ခဲ့ပြီး ရုပ်အလောင်းများကို ဇွန်လ ၁၃ ရက်ထိရှာမတွေ့နိုင်ခဲ့သည့်အတွက် ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဖားကန့်မြို့ရှိ ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

 

ymg/mt
#Yangon_Media_Group