#Local_News
Published_ 12 June 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်းပပျောက်မှုကျဆင်းစေရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်၌ ကျင်းပခဲ့ပါတယ်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် (၁၅ ရာခိုင်နှုန်း) ခန့် တိုးတက်သုံးစွဲလျက်ရှိသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ပြန်ပြည့်မြဲစွမ်းအင်အပါအဝင် နည်းမျိုးစုံဖြင့်တိုးတက် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါတယ်။

 

ထို့အပြင် ဓာတ်အားပို့လွှတ်ခြင်းအပိုင်း တိုးချဲ့ဆောင်ရွက်ခြင်း၊ ဓာတ်အား ဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ထိုသို့ ဆောင်ရွက်မှုများကို အားလုံးက တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန်နှင့် ရရှိလာသော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိအောင် အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျ သုံးစွဲတည်ဆောက်ရန် မှာကြားခဲ့ပါတယ်။

 

ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများ ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗိုအားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးသည် ဝန်ကြီးဌာနရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး စေတနာထား၍ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အား တိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။

 

#ymg_mnn
#Yangon_Media_Group