#LocalNews
Published_7 June 2022

 

ရခိုင်ပြည်နယ်တွင် မူလတန်းကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

 

ပြီးခဲ့သည့်အပတ်မှစ၍ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးနှံခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၅၂၁ ဦးကို ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည့် မူလတန်းကျောင်းသူ၊ ကျောင်းသားဦးရေမှာ ၃ သိန်း ၆ သောင်းခန့် ရှိကြောင်း၊ ကျောင်းသားကျောင်းသူအများစုမှာ ကာကွယ်ဆေး ထိုးကြသော်လည်း တချို့မိဘများမှာ ယင်းတို့၏ ကလေးများအား စိတ်ပူသဖြင့် မထိုးသူအချို့ရှိနေကြောင်းလည်း သိရသည်။

 

တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို အသက် ၅ နှစ်နှင့် အထက်ကလေးများ ထိုးနှံနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA)က ခွင့်ပြုထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှစတင်၍ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း၊ ယင်းအပြင် စက်မှုဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မတ်လက စတင်ထုတ်လုပ်နိုင်ခဲ့သော Myancopharm ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၇၀ အထိ ထိုးနှံပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
Photos - We Love Sittwe
#Yangon_Media_Group