#WorldPolitics
Published 7 June 2022

 

ယခုအပတ်အတွင်း အမေရိကန်ကလက်ခံကျင်းပမယ့် အမေရိကတိုက်ထိပ်သီးအစည်းအဝေးပွဲမှ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွာနိုင်ငံတို့ကို ဖယ်ထုတ်လိုက်ကြောင်း အမေရိကန်အိမ်ဖြူတော်က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

အနောက်ဘက်ခြမ်းက နိုင်ငံအားလုံးကို ဖိတ်ကြားခြင်းမရှိတဲ့အတွက် မက္ကဆီကိုသမ္မတအနေနဲ့ အစည်းအဝေးပွဲ မတက်ရောက်ဖို့ အကြောင်းပြချက်ဖန်လာပါတယ်။

 

လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်မယ့်အစည်းအဝေးပွဲမှာ ဒေသတွင်းပြောင်းရွှေ့နေထိုင်မှုများနဲ့ စီးပွားရေးစိန်ခေါ်မှု အခက်အခဲများဖြေရှင်းရန် အမေရိကန်ကရည်ရွယ်ထားတာဖြစ်ပြီး မက္ကဆီကိုသမ္မတ'အန်ဒရီစ်မန်နျူယယ်လိုပက်ဇ်အိုဘရာဒေါ'နဲ့ အခြားခေါင်းဆောင်များ သပိတ်မှောက်လာကြတာဟာ အစည်းအဝေးပွဲရဲ့အရေးပါမှုကို ထိခိုက်စေနိုင်ပါတယ်။

 

ရီပတ်ဘလစ်ကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'လက်ထက်က ပျက်စီးခဲ့တဲ့လက်တင်အမေရိကဆက်ဆံရေးကို ပြန်လည်ပြုပြင်နိုင်ဖို့ ဒီမိုကရက်တစ်သမ္မတ'ဂျိုးဘိုင်ဒန်'ကမျှော်လင့်ထားပြီး အမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှု သက်ရောက်ရေးနဲ့ တရုတ်ကျူးကျော်မှုတို့ကို တန်ပြန်နိုင်ရေး ရည်မှန်း ထားပါတယ်။

 

ရက်သတ္တပတ်အချို့ကြာမြင့်အောင် ဆုံးဖြတ်ချက်များခက်ခက်ခဲခဲချခဲ့ပြီးနောက် ကျူးဘား၊ ဗင်နီဇွဲလား၊ နီကာရာဂွာတို့ကို ဖယ်ထုတ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပြီး ဒါဟာ အဆိုပါနိုင်ငံ ၃ နိုင်ငံရဲ့ ဒီမိုကရေစီမဆန်မှုနဲ့ လူအခွင့်အရေးများအပေါ် စိုးရိမ်မှုများကြောင့်ဖြစ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'နက်ဒ်ပရိုက်စ်'က "အမေရိကန်အုပ်ချုပ်ရေးအစိုးရအနေနဲ့ မက္ကဆီကိုရဲ့ သဘောထားရပ်တည်ချက်ကို နားလည်ပေမယ့် အခုအစည်းအဝေးပွဲရဲ့အဓိကအနှစ်သာရတစ်ခုက ဒီမိုကရက်တစ်အုပ်ချုပ်ရေးဖြစ်ပြီး ထိုနိုင်ငံတွေက ဒီမိုကရေစီစံပြနိုင်ငံများမဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

 

'ဘိုင်ဒန်'နဲ့အစိုးရအဖွဲ့ကို ရီပတ်ဘလစ်ကန်များမှ ဖိအားပေးမှုများရှိနေတဲ့အပြင် လက်တင်အမေရိကရှိ လက်ဝဲဆန့်ကျင်ရေးအဓိက ၃ နိုင်ငံအပေါ် သဘောထားပျော့ပျောင်းစွာ ဆက်ဆံမှုကိုလည်း ဒီမိုကရက်တစ်အချို့က သဘောမတွေ့ကြပါဘူး။

 

'ထရမ့်'လက်ထက်က ကျူးဘားနဲ့ဗင်နီဇွဲလားတို့အပေါ် ပြင်းထန်တဲ့မူဝါဒတွေချမှတ်ခြင်းကိုထောက်ခံတဲ့ မိုင်ယာမီမှကျူးဘား-အမေရိကန်အသိုင်းအဝိုင်းကြီးဟာ နိုဝင်ဘာလရွေးကောက်ပွဲမှာ ဖလော်ရီဒါကအရေးကြီးတဲ့ မဲပေးအဖွဲ့ဖြစ်လာဖို့ရှိပြီး အခုလက်ရှိဒီမိုကရက်တစ်တွေအုပ်စိုးနေတဲ့ အမေရိကန်လွှတ်တော်စိုးမိုးနိုင်ရေးကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

 

မက္ကဆီကိုသမ္မတ'လိုပက်ဇ်အိုဘရာဒေါ'က သူ့အစား နိုင်ငံရေးဝန်ကြီး'မာဆယ်လိုအက်ဘရတ်ဒ်'က အစည်းအဝေးတက်ရောက်မှာဖြစ်ကြောင်း သတင်းထောက်များကိုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နောက်လအတွင်း ဝါရှင်တန်မှာ 'ဘိုင်ဒန်'နဲ့တွေ့ဆုံသွားမယ်လို့ ပြောကြားခဲ့ပြီး အိမ်ဖြူတော်ကလည်း အတည်ပြုခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့်အစည်းအဝေးပွဲက အမေရိကန်တောင်ပိုင်းနယ်စပ်မှာ ပြောင်းရွှေ့မှုတားဆီးထိန်းချုပ်ရေးကို အဓိကထားဆွေးနွေးသွားဖို့ဖြစ်ပြီး မက္ကဆီကိုသမ္မတမတက်ရောက်ခြင်းက အမေရိကန်အတွက် သံတမန်ရေးရာမှာ အရှက်ရဖွယ်ဖြစ်လာနိုင်ပါတယ်။

 

ဗင်နီဇွဲလားမှ အများစုပါဝင်တဲ့ ထောင်ဂဏန်းချီရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ တနင်္လာနေ့အစောပိုင်းမှာ မက္ကဆီကိုတောင်ပိုင်းကနေထွက်လာပြီး အမေရိကန်သို့ဦးတည်ရောက်ရှိအောင် သွားကြမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ မက္ကဆီကိုသမ္မတအစည်းအဝေးမတက်ရောက်ခြင်းက 'ဘိုင်ဒန်'ရဲ့ဒေသတွင်းပြောင်းရွှေ့မှုအစီအစဉ်ကို အဟန့်အတားဖြစ်စေမှာ မဟုတ်ကြောင်း အကြီးတန်းအရာရှိတစ်ဦးကဆိုပါတယ်။

 

အရင်ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲတွေလိုမျိုး နိုင်ငံ့အစိုးရခေါင်းဆောင်အနည်းဆုံး ၂၃ ဦးတက်ရောက်ဖို့ အိမ်ဖြူတော်က မျှော်မှန်းထားပါတယ်။

 

အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ တာဝန်ယူထားပြီး ဒီမိုကရက်တစ်လည်းဖြစ်တဲ့ အမေရိကန်လွှတ်တော်အမတ်'ရောဘတ်မီနန်ဒက်ဇ်'က မက္ကဆီကိုသမ္မတကို ဝေဖန် လိုက်ကာ အာဏာရှင်တွေနဲ့ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာက အမေရိကန်-မက္ကဆီကိုဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group