#LocalNews

Published - 5 May 2022

 

လက်ရှိကာလမှာ ပြည်တွင်းကား စျေးနှုန်းတွေ မြင့်တက်နေပေမယ့် ရန်ကုန်ကား စျေးကွက်မှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်တွေကို ပြုလုပ်နေကြရတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

 

လက်ရှိကာလတွင် ပြည်တွင်း ကားစျေးနှုန်းတွေဟာ အမြင့်တန်းမှာ ရောက်ရှိနေတာဖြစ်ပြီး ထိုသို့ ကားစျေးနှုန်းတွေ အမြင့်တန်းများရှိနေတာဟာ ဒေါ်လာနှင့် စက်သုံးဆီ ဂယက်ကြောင့် ဖြစ်တယ်လို့လည်း ၄င်းတို့ကဆိုပါတယ်။

 

"ပြည်တွင်းကား စျေးက မူလ ပေါက်စျေးထက် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ စျေးတွေတက်နေတာပေါ့။ ဒါကလည်း ပြည်တွင်းမှာဖြစ်နေတဲ့ ဒေါ်လာစျေးနဲ့ စက်သုံးဆီ အခြေအနေကြောင့်ပါ။ စျေးကွက်အနေအထားကို ပြောရရင်လဲ သူ့ဟာနဲ့သူတော့ အရောင်းအဝယ်တွေက ဖြစ်ပါတယ်။
ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ပေါ့လေ၊ အဲ့လိုပုံစံလေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်နေရတယ်။

 

ပြောရရင် လူတွေကရွှေနဲ့ ဒေါ်လာဘက်ကို သိပ်မလှည့်နိုင်ဘူးလေ၊ ဒါကြောင့် ကားဘက်ကို လှည့်လာတယ်လို့ ထင်ပါတယ်။"လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးငွေဇံက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် လာမည့်ကာလများတွင်လည်း ပြည်တွင်းကား စျေးနှုန်းက အမြင့်ပိုင်းသာရှိ နေမယ်လို့ ကားဝယ်ရောင်းလုပ်က်ုင်သူတွေက ခန့်မှန်းထားကြတာပါ။

 

ယခင်က သိန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ကျော်အထိ ပေါက်စျေးရှိ နေတာဖြစ်တယ်လို့လည်း ရန်ကုန်ကား စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

 

ymg/kg
#Yangon_Media_Group