#LocalNews
Published - 30 April 2022

 

တစ်လတာကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် (၅၈,၀၀၀)ကျော်အထိ တိုးလာပြီး စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေ အများဆုံးရှိနေတယ်လို့ ISP Myanmar ၏ သုတေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

 

တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း EAOs တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

 

တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေးနဲ့ တပ်မတော်တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာသလို တိုက်ပွဲနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့အမျှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း ပိုများလာသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။

 

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် နေ့အထိ နေရာအနှံ့မှာ
ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော် ရှိလာတယ်လို့လည်း ISP Myanmar က ဖော်ပြပါတယ်။

 

ထို့အပြင် ယင်းကာလမတိုင်ခင်က စစ်ဘေးရှောင်ဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပြီးဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးလာနေသလို စစ်ကိုင်းတိုင်းမှာ စစ်ဘေး ရှောင်ဒုက္ခသည် အများဆုံးရှိနေပြီး စုစုပေါင်း ၂၄၁,၀၅၀ ကျော် ရှိနေတယ်လို့ ISP Myanmar က ဆိုပါတယ်။

 

ကယားပြည်နယ်မှာ ၂၀၄,၁၁၅ ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၅ ရက်)အတွင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်က ၅၈,၃၀၀ ကျော်ထက်မနည်း ရှိနေတာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

 

Photo - CJ

 

ymg/kg
#Yangon_Media_Group