#LocalNews
Published 29 Apr 2022
ပုဂံဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ မှ ရှေးဟောင်းပစ္စည်းများခိုးယူသူ စုစုပေါင်းတရားခံ (၆)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ရှေးဟောင်းပစ္စည်းများကိုလည်း ပြန်လည်ရရှိထားတယ်လို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလအတွင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ ပုဂံ၌ ဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ တို့တွင် ဘုရားဆင်းတုတော်၏ ပလ္လင်ရှိ သဲကျောက်ရုပ်တုအချို့အား ဖြုတ်ခိုးခံရမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။
ဘုရားအမှတ် (၇၁၆)၏ ဂန္ဓကုဋိတိုက်အတွင်းရှိ ဆင်းတုတော်ကြီးအောက်မှ ပလ္လင်ခုံ မျက်နှာစာ မှန်ကွက်တန်းတွင် ၆ လက်မပတ်လည်အရွယ် မှန်ကွက်(၁၀)ကွက်အတွင်း သဲကျောက်ရုပ်ငယ်များဖြင့် တန်ဆာဆင်ပူဇော်ထားသည်ဟု ယူဆရသော်လည်း ယခုအခါ မှန်ကွက်(၁၀)ကွက်တွင် မည်သည့်ရုပ်တုမှ တွေ့ရှိရခြင်းမရှိတော့ဘဲ မှန်ကွက်(၇)ကွက် ၏ အောက်ခြေ (ဘုရားရင်ပြင်)တွင် ထွင်းဖဲ့ထားသည်ဟုယူဆရသော အင်္ဂတေအပိုင်းအစငယ်များကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
ထို့ပြင် ဘုရားအမှတ်(၄၁၈)၏ ဂန္ဓကုဋိတိုက်အတွင်းရှိ ဆင်းတုတော်ကြီးအောက်မှ ပလ္လင်ခုံမျက်နှာစာမှန်ကွက်တန်းတွင် ၆ လက်မပတ်လည်အရွယ် မှန်ကွက် (၅) ကွက်အတွင်း သဲကျောက်ရုပ်ငယ်များဖြင့် တန်ဆာဆင်ပူဇော်ထားပြီး သဲကျောက်ရုပ်(၁)ရုပ်ကိုသာ တွေ့ရှိရပြီး ကျန်မှန်ကွက်(၄)ကွက်တွင် မတွေ့ရှိရတော့ဘဲ ၎င်းမှန်ကွက်များ၏ အောက်ခြေ (ဘုရားရင်ပြင်)တွင် ထွင်းဖဲ့ထားသည်ဟု ယူဆရသော အင်္ဂတေအပိုင်းအစငယ်များကို တွေ့ရှိခဲ့ရပါတယ်။
ပျောက်ဆုံးသဲကျောက်ရုပ်တုများ ပြန်လည်ရရှိရေး၊ သတင်းပေါက်ကြားမှုမရှိစေရေးနှင့် ဆက်စပ်ကျူးလွန်သူများအား အလျင်အမြန်ဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနဲ့ ရှေးဟောင်းပစ္စည်းများ ပြည်ပသို့ တရားမဝင်ရောက်ရှိမသွားစေရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol)နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၉ ရက်နေ့မှ ယနေ့အချိန်အထိ စုစုပေါင်းတရားခံ (၆)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဘုရားအမှတ်(၇၁၆) နှင့် ဘုရားအမှတ်(၄၁၈)တို့ မှ ပစ္စည်းများအပြင် အခြားသော ရှေးဟောင်းပစ္စည်းများဖြစ်တဲ့
(က) ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု (၄)ခု ( ဘုရားအမှတ် - ၄၁၈)
(ခ ) ခြင်္သေ့ရုပ်တု (၄)ခု (ဘုရားအမှတ် - ၇၁၆)
(ဂ ) ဗုံတီးဟန်ရုပ်တု (၂)ခု (ဦးခေါင်းနှင့် အပိုင်းအစအချို့ ပဲ့လျက်ရှိ)
(ဃ) ပလ္လင်ထမ်းဟန် ရုပ်တု(၁)ခု
(င ) ကချေသည်ရုပ်တု (၁)ခု
(စ ) အုတ်ခွက်စာပါအုတ် (၁၉)ချပ်
(ဆ) ၂ ပေပတ်လည် ကျောက်ပြားတွင် သမင်ရုပ်ပုံပါ (၁)ချပ်
ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group