#LocalNews
Published-28 April 2022

 

လာမယ့်မေလအတွင်း ရှမ်းပြည်နယ်မှာရှိတဲ့ စားဝတ်နေရေးခက်ခဲနေတဲ့၊ပညာသင်ကြားရန်ခက်ခဲနေတဲ့ မိဘမဲ့ကလေးငယ်တွေ၊ မိဘမပြည့်စုံတဲ့ ကလေးငယ်တွေကို သွားရောက်ခေါ်ယူပြီး ကျွေးမွေးစောင့်ရှောက်သွားမှာဖြစ်တယ်လို့ ဆုတောင်းပြည့်ပရဟိတဘုန်းတော်ကြီးသင်ကျောင်း၊ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသ က YMG ကိုပြောပါတယ်၊၊

 

လတ်တလောမှာ ခေါ်ယူစောင့်ရှောက်ဖို့လိုအပ်နေတဲ့ ကလေးငယ်(၆၀)ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့တဲ့ကလေးငယ်တွေ ခေါ်ယူစောင့်ရှောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

"အခုမကြာသေးခင်အချိန်က မွန်ပြည်နယ်ကိုသွားဖြစ်တယ်၊၊ မွန်ပြည်နယ်က ကလေးငယ်(၂၀)လောက်ပါလာပါတယ်၊၊အခုကျောင်းမှာ ကျောင်းသားကလေးငယ်(၃၀၀)လောက်ရှိပါတယ်၊၊နေ့စဥ်ကျွေးမွေးပြီး ပညာသင်ကြားပေးပါတယ်၊၊လာမယ့် မေလမှာတော့ ရှမ်းပြည်နယ်ဘက်တက်ဖို့ရှိပါတယ်၊၊အဲဒီ့မှာလည်း ကလေးငယ်အနည်းဆုံး (၆၀)လောက်ခေါ်ယူ စောင့်ရှောက်ပေးဖို့ရှိပါတယ်၊၊အခုတစ်ခေါက်မှာတော့ နေရပ်စွန့်ခွာရတဲ့ကလေးငယ်တွေလည်းပါလာနိုင်ပါတယ်၊၊ကယားကိုတော့ သွားလို့မရပေမယ့် ကယားကနေ ရှမ်းပြည်နယ်ဘက်ရောက်လာတဲ့ကလေးတွေကိုတော့ ခေါ်ယူစောင့်ရှောက်သွားဖို့ရှိပါတယ်"လို့ ဆရာတော် နန္ဒဝံသက မိန့်ကြားပါတယ်၊၊

 

လှူဒါန်းလိုသူတွေအနေနဲ့ ကလေးငယ်တွေအတွက် စားစရိတ်နဲ့ပညာသင်စရိတ်တွေ လှူဒါန်းနိုင်မှာဖြစ်ပါတယ်၊၊

 

လတ်တလောမှာတော့ ဆုတောင်းပြည့်ပရဟိတဘုန်းတော်ကြီးသင်ကျောင်းကစောင့်ရှောက်ထားတဲ့ ကလေးငယ် (၃၀၀)ကျော်ခန့်ရှိပြီး ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြန်သွားရတဲ့ ကလေးငယ်တွေ ပြန်လာဖို့ရှိတဲ့အတွက် ကျောင်းသားဦးရေတွေထပ်တိုးလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group