#LocalNews
Published - 28 April 2022

 

IBEC ဆရာ တော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နန့်စန်မြို့တွင်
ဗုဒ္ဓတက္ကသိုလ်တည်ထောင်သွားနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ IBEC သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ နန့်စန်ဒေသတွင် ဒေသခံဆရာတော်ဘုရားကြီးများ၏ ဩဝါဒ မြို့နယ်ခရိုင် ပြည်နယ် ဗဟိုဝန်ဆောင်အပါအဝင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ဘုရားကြီးများ ဦးထိပ်ထားပြီး နယ်ခံပရိယတ္တိ-ခေတ်ပညာတတ်မြောက်ကြသော သံဃာတော်များပူးပေါင်းပါဝင်လျှက် ဒကာ/ဒကာမများစုပေါင်းညီညာစွာဖြင့် မြတ်ဗုဒ္ဓသာသနာအရည်တည်တံ့စေရန် နန့်စန်ဗုဒ္ဓတက္ကသိုလ်(Nant San Buddhist University -NSBU)တည်ထောင်နိုင်ရန် ကြိုးစားဆောင်ရွက် နေတာဖြစ်တယ်လို့ IBEC ဆရာ တော်က မိန့်ကြားပါတယ်။

 

"ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ဖို့အတွက် သာသနာကိုချစ်မြတ်နိုးတဲ့ ဒကာကြီးဦးအောင်၀င်းသိန်းမှ ဒေါ်နန်းဝေဝေမိသားစုထံမှ မြေဧက (၁၀၀)အလှူခံပေးခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာလည်း အလှူရှင်မိသားစုနဲ့အတူ နန့်စန်မြို့မှာရှိတဲ့ သာသနာမြေနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။"လို့ IBEC ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

အဆိုပါ စီမံကိန်းမြေနေရာကို သာသနာပြုမြေနေရာပြုလုပ်ရန် သံဃာ့အဖွဲ့အစည်း၏ စည်းမျဉ်းအရဆောင်ရွက်ရန်အချိန်ကာလ (၃)နှစ်ခန့်အချိန်ယူကြရမည်ဖြစ်ပြီး စီမံကိန်းကို(၁၀)နှစ်ခန့် အချိန်ယူဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယခုတည်ဆောက်မည့် ဗုဒ္ဓတက္ကသိုလ်သည် တစ်ဦးတစ်ပါးပိုင်မဟုတ်ပဲ သာသနာတော်နှင့် နန့်စန်ဒေသ၏ သာသနာအမှတ်တံဆိပ်အဖြစ်ဆောင်ရွက်ကြရန် ပဏာမသဘောတူခဲ့ကြတယ်လို့လည်း IBEC သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရပါတယ်။

 

ဓါတ်ပုံ - IBEC သတင်းထုတ်ပြန်ရေးအဖွဲ့

 

ymg/kg
#Yangon_Media_Group