#LocalNews
Published - 23 April 2022

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးမြို့ ပြည်သူ့ဆေးရုံတွင် ဒီကနေ့ ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ဒီကနေ့ နံနက် ၇ နာရီကျော်လောက်မှာ ဖြစ်တာပါ။တမူးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ပါ။ မီးလောင်မှုကြောင့် ဆေးရုံအဝင်ညောင်ပင်ကြီးနဲ့ ကပ်လျက်အဆောင်တစ်ခု ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါတယ်။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါမီးဟာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ပစ္စည်းတွေရဲ့ ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

"လျှပ်စစ်ဝါယာရှော့ခ်ကြောင့်လို့ သိရပါတယ်။ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ လူ တွေအားလုံးရော ဆေးရုံကလူနာတွေရော ဘေးကင်းခဲ့ပါတယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

တမူးမြို့ဟာ မြန်မာ-အိန္ဒိယ (၂)နိုင်ငံနယ်စပ်မှာတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယနေ့ဖြစ်ပွားခဲ့သည့် တမူးမြို့ ပြည်သူ့ဆေးရုံမီးလောင်မှုကို ဒေသခံမီးသတ်တပ်ဖွဲ့ တွေနဲ့အတူ ဒေသခံလူမှုကူညီရေးအဖွဲ့ တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

 

Photo - CJ
#Yangon_Media_Group