#LocalNews
Published_12 April 2022

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ် (၃)ခုဖြင့် ကျင်းပရန်ပြင်ဆင်နေကြောင်း မဟာသင်္ကြန်ကျင်းပရေးကော်မတီက သိရသည်။

အဆိုပါ သင်္ကြန်ပွဲတော်ကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ (၁၃)ရက်၊ သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဗဟိုမဏ္ဍပ်ကို မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့တွင် တည်ဆောက်ထားကာ လမ်းလျောက်သင်္ကြန် ရေးကစားမဏ္ဍပ်တစ်ခု၊ အမှတ်(၄)ရပ်ကွက် ဆင်ခေါင်းလမ်းတွင် ရေးကစားမဏ္ဍပ်တစ်ခုနှင့် အမှတ်(၁)ရပ်ကွက် ဆားပွက်ချောင်းတံတားထိပ်တွင် ရေကစားမဏ္ဍပ်တစ်ခု စုစုပေါင်း မဏ္ဍပ်(၃)ခု ဆောက်လုပ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် စတုဒီသာကျွေးမွေးခြင်းများပြုလုပ်မည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲများလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကသိရသည်။

 

ymg/mt
#Yangon_Media_Group