#LocalNews
Published_31 March 2022

 

တည်ဆောက်ရေးကာလ ခြောက်လအတွင်း မဂ္ဂါဝပ် ၂၀ ရှိမည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ခုနစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

မတ်လ ၃၀ ရက်က နေပြည်တော် ရုံးအမှတ်-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အထက်ပါအတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

ယင်းကော်မရှင်၏ စာရင်းများတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ်ခုနှစ်ခုကိုခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃,၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၅၅၃ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ ခု မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်း ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၈ ခု မှ စုစုပေါင်း ငွေကျပ် ၄၆၈,၃၉၃ ဒသမ ၅၂၈ သန်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂,၈၈၀ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group