#LocalNews
Published_19 March 2022

     

     ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ယခုမတ်လအတွင်း အများပြည်သူကို (၄)နာရီပေး(၄)နာရီနားစနစ်ဖြင့် လျှပ်စစ်ပေးဝေမည်ဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်း၏ တာဝန်ရှိသူက YMG ကို ပြောသည်။

 

     ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်ကို မတ်လ ၁၈ ရက်က ထုတ်ပြန်ရာတွင် စက်မှုဇုံများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပေးမည် ဖြစ်ပြီး အများပြည်သူအတွက် A အုပ်စု နှင့် B အုပ်စုဟူ၍ အချိန်ခွဲခြားကာ လျှပ်စစ်မီးပေးဝေမည်ဖြစ်ကြောင်း သိရသည်။

 

     "အများပြည်သူအတွက် လေးနာရီပေး လေးနာရီနားပေါ့ ၊ အကြမ်းပိုင်းကတော့ ညလယ်ပိုင်းဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီထိ အုပ်စုတစ်ခုရှိတယ်။မြို့ပြင်တွေမှာပေါ့၊အဲဒီမှာ ရတဲ့အုပ်စုရမယ်၊မရတဲ့ အုပ်စုမရဘူးပေါ့။ဥပမာပြောရရင် ဒီနေ့ ညပိုင်းရတဲ့ အုပ်စုကနောက်နေ့မရဘူး၊အဲဒီလိုပေါ့။အရှေ့၊အနောက်၊တောင်၊မြောက်ခရိုင်တွေက မြို့နယ်တွေမှာပြောတာ။ အရှေ့နဲ့ အနောက်မှာဆိုရင် မြို့တွင်း ၆ မြို့နယ်ရှိတဲ့အတွက် အဲဒီမြို့တွင်းတွေမှာတော့ ညပိုင်းမှာ အပြည့်ပေးနိုင်အောင်လုပ်ထားတယ်"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ တာဝန်ရှိသူက ပြောသည်။

 

     လက်ရှိတွင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကထွက်သော လျှပ်စစ်ဓာတ်အားပို့လွှတ်နေသည့် ဓာတ်အားလိုင်းတာဝါတိုင်များ ဖျက်ဆီးခံရသောကြောင့် လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ်ခန့်နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်နိုင်မှုမရှိပေ။

 

     ထို့အပြင် LNG ဈေးနှုန်း အဆမတန်မြင့်တက်ကာ နိုင်ငံတကာရေနံဈေးကွက် တည်ငြိမ်မှုမရှိသောကြောင့်လည်း LNG ဓာတ်ငွေ့ရည် ဝယ်ယူရန်ခက်နေသောကာလအတွင်း LNG ဓာတ်အားပေးစက်ရုံများက ဓာတ်အားထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်ကို ရပ်တန့်ထားရကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group