#LocalNews
Published - 16 March 2022
ရွှေတိဂုံစေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို(၁၀)ရက်တိုင်တိုင် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှ သိရပါတယ်။

ရွှေတိဂုံစေတီတော်ကြီး၏ ၂၆၁၀ နှစ်မြောက်၊ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်နေ့ (မတ်လ ၇ ရက် နေ့မှ ဒီက နေ့ မတ်လ ၁၆ ရက်) နေ့ အထိ (၁၀)ရက်တိုင်တိုင် ရွှေတိဂုံစေတီတော်ရင်ပြင်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကာလအတွင်း ရတနတ္တယပူဇာမင်္ဂလာနှင့်လျော်ညီစွာ (၂၁၆)နာရီ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ လပြည့်နေ့အရုဏ်တက်ချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့အကျိုးဆောင်အဖွဲ့ များ၊ ရုံးဝန်ထမ်းများက အာရုံခံမုခ်တပေါင်းအောင်ပွဲရေစက်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ အနုမောဒနာအအသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို ခမ်းအနားကျင်းပခဲ့ကြတာပါ။

ဒါ့အပြင် ယနေ့ တပေါင်းလပြည့်နေ့အထိ မုခ်ဦး(၄)ခုရှိ ရုပ်ပွားတော် (၄)ဆူ၊ ဧည့်ခံတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်များနှင့် အထက်ပစ္စယံပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာတော်များ၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဘာဏကသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
တို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအနုမောဒနာအခမ်းအနားကိုလည်း ဒီကနေ့ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (မတ်လ ၁၆ ရက်) နံနက် ၉ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ယနေ့ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓါတ်ပုံ - ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ။

ymg/kg
#Yangon_Media_Group