#Local_News
Published 13 March 2022

 

မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ပြီလို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီလိုပြီးမြောက်ခြင်းပွဲတစ်ရပ်ကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မဟာအောင်မြေမြိုနယ်ရှိ ရတနာပုံခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

နစက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၈၀,၀၁၆ ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၃၈၉,၇၂၃ ကတ် ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၂ ဒသမ ၅၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအနက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် စတုတ္ထမြောက်တိုင်းဒေသကြီးဖြစ်တယ်လို့ ဝန်ကြီး ဦးခင်ရီ ကပြောကြားပြီးနောက် ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ပါတယ်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းစသည့် ခရိုင်(၇) ခု၊ မြို့နယ် (၂၈) မြို့နယ်၊ ရပ်ကွက် (၂၈၂) ခု၊ ကျေးရွာအုပ်စု (၁,၄၁၄) အုပ်စု၊ ကျေးရွာပေါင်း (၄,၇၉၂) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၈၀,၀၁၆ ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု ၃၈၉,၇၂၃ ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၀၂ ဒဿမ ၅၅) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် တိုင်းလုံးကျွတ် လျာထားချက်ရာခိုင်နှုန်း ပြည့်မီကျော်လွန်ပြီးမြောက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

#ymg_mnn
#Yangon_Media_Group