#LocalNews
Published -6 Mar 2022

လူမှုကွန်ယက်စာမျက်နှာများတွင် လေယာဉ်ဆီများတင်သွင်း ဖြန့်ဖြူးနေကြောင်း သတင်းထွက်ပေါ်မှုများမှာ သတင်းမှားသာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အခြားစက်သုံးဆီများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေတယ်လို့ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်ကထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ရာမှာ"ကျွန်တော်များ ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်သည် နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ ၂၀၁၀ ခုနှစ်မှစတင်၍ ပြည်ပမှ မော်တော်ယာဉ်စက်သုံးဆီများကို တင်သွင်းကာ ပြည်တွင်း တွင် ပြန်လည်ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။ကျွန်တော်များကုမ္ပဏီသည် လုပ်ငန်းစတင် လည်ပတ်ချိန်မှ စ၍ ယနေ့အချိန်ထိ မော်တော်ယာဉ်များတွင် သုံးစွဲရန် စက်သုံးဆီ တစ်မျိုးတည်းကိုသာ တင်သွင်းဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်ပါသည်။"ဟုရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင်လူမှုကွန်ယက် စာမျက်နှာများမှာ ရွှေဗျိုင်းဖြူကုမ္ပဏီကို အထင်အမြင် လွဲမှားကာ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးခြင်းများ ပြုလုပ်နေကြောင်း မှားယွင်း ဖော်ပြထားသည်ကို တွေ့ရှိရပြီး ကုမ္ပဏီသည် လေယာဉ်ဆီ တင်သွင်းရန်အတွက် မည်သည့် ဌာနတွင်မှ လိုင်စင် လျှောက်ထား၊ ရယူခဲ့ခြင်း မရှိသလို လေယာဉ်ဆီ တင်သွင်းရာတွင် မရှိမဖြစ် လိုအပ်သော သိုလှောင်ကန်နှင့် အခြားဆက်စပ်နည်းပညာ၊ အသုံးအဆောင်များလည်း ပိုင်ဆိုင်ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ကုမ္ပဏီအနေနဲ့ 92-Ron, 95-Ron, Premium Diesel နှင့် Diesel တို့ကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်း ဖြစ်ပြီး မမှန်မကန် အထောက်အထားမဲ့ ကောလဟာလသတင်းများသည် ကုမ္ပဏီ နှင့် သက်ဆိုင်ခြင်း မရှိဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။

ymg/hm
#Yangon_Media_Group