#LocalNews
Published - 6 Mar 2022

ဘီလူးချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှထွက်ရှိသောလျှပ်စစ်ဓါတ်အားဖြန့်ဝေရေးဓာတ်အားလိုင်း တာဝါတိုင်များ ဖျက်ဆီးခြင်းခံရတဲ့အတွက်လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိဘူးလို့ နစက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်ပါတယ်။

မတ်လ ၅ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများ ရရှိရေးတိုနှင့်ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပွဲမှာ ယခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ယခုအချိန်တွင် ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား ပိုလွှတ်နေသည့် ဓာတ်အားလိုင်း တာဝါတိုင်များ ဖျက်ဆီးခြင်းခံရသည့်အတွက် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိခြင်း၊ LNG ဈေးနှုန်း အဆမတန်မြင့်တက်ပြီး နိုင်ငံတကာ ရေနံဈေးကွက် တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့် ကာလအတွင်း LNG ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေး စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းတို့ကြောင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှုသည် သုံးစွဲမှုထက် လျော့နည်းနေသည့်အတွက် ဝန်အားထိန်းညှိခြင်း၊ ဝန်အားလျော့ချရခြင်းတို့ ဆောင်ရွက်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့တာဝါတိုင်များကိုလည်း အမြန်ဆုံးပြင်ဆင်ပြီး ဓာတ်အားပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ကျောက်ဖြူဒေသ၌ (၁၅၀) မဂ္ဂါဝပ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေတဲ့အပြင် အခြားသော အရင်းအမြစ်များမှလည်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ယခုအခါ နေ့စဉ်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဆိုးရွားစွာဖြစ်ပေါ်နေပြီး ယခင်ခွဲတမ်းစနစ်မဟုတ်တော့ဘဲ အချိန်ကြာမြင့်စွာပြတ်တာက်မှုများကို ပြည်သူတွေခံစားနေကြရတာဖြစ်ပါတယ်။

ymg/hm
#Yangon_Media_Group