#LocalNews
Published - 2 Mar 2022

 

မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းအား ယနေ့(မတ်လ ၂ ရက်)တွင် ပြန်ဖွင့် ပေးလိုက်ပြီး စက်သုံးဆီတင်ယာဉ်နှင့် ကုန်တင်ယာဉ်များသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

တပ်မတော်နှင့် ဒေသခံ PDF - KIA ပူးပေါင်းတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ ပူတာအိုဒေသ တိုက်ပွဲများကြောင့် အဆိုပါ မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပိတ်ထားခဲ့ရတာဖြစ်ပြီး ကုန်စည်စီးဆင်းမှုအပိုင်းမှာ နှောင့် နှေးကြန့်ကြာမှုတွေလည်းရှိခဲ့တာ ဖြစ်ပါတယ်။

 

ယင်းကားလမ်းကို ယခင်သတ်မှတ်ထားသည့် ကန့်သတ်ချိန်များဖြစ်သည့် မနက် ၆ နာရီမှ ည နေ ၅ နာရီ အတွင်း အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

သို့ သော်လည်း တားမြစ်ကုန်စည်များနှင့် ခရီးသည်များကိုတော့ တင်ဆောင်ဖြတ်သန်းခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။

 

ပူတာအိုဒေသတိုက်ပွဲများကြောင့် ပြီးခဲ့တဲ့လပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးအပိုင်းတွင် အခက်အခဲများစွာရှိခဲ့ပြီး ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့သလို ပူတာအိုမြို့ မှာ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်ရှားပါးတာတွေ ရှိခဲ့တာပါ။

 

ဒါ့အပြင် ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေသည့်အတွက် လမ်းပန်းဆက်သွယ် ရေး အခြေအနေက အရင်လို ကောင်းမွန်ခြင်းမရှိသေးဘူးလို့လည်း ဒေသခံများထံမှ သိရပါတယ်။

 

Photo - CJ
ymg/kg
#Yangon_Media_Group