#LocalNews
Published - 2 Mar 2022

 

နေအိမ်တွင်း၌ အိပ်နေသူအား ဓါးဖြင့်ထိုးပြီး လုပ်ကြံသတ်ဖြတ်ခဲ့မှု မုံရွာမြို့မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

"သူက အိမ်ထဲမှာအိပ်နေတာလို့ပြောတယ်။ သူ့အမျိုးသမီးက ကလေးတွေကို စာသွားသင်တဲ့ အချိန်မှာဖြစ်သွားတာ။ သူတို့အိမ်မှာ ဘယ်သူ့မှမရှိဘူး။ သူ့အမျိုးသမီးက နေ့ခင်းပိုင်းလောက်ကသွားတာလို့ပြောတယ်။ သူကတော့ အိပ်နေရင်း အိမ်မှာကျန်ခဲ့တာလို့ပြောတယ်။ ညနေကျ ကျွန်တော်တို့အဖွဲ့ကို လှမ်းဖုန်းဆက်တော့ ကျွန်တော်တို့ သွားတယ်။ ကျွန်တော်တို့ရောက်တော့ ဓါးနဲ့အထိုးခံထားရတာတွေ့တယ်၊ လည်ပင်းကို တစ်ချက်ထဲထိုးထားတာ။ ကျွန်တော်တို့ရောက်တော့ သူကသေဆုံးနေပြီ။

 

ဘယ်သူလုပ်သွားမှန်းတော့မသိဘူး။ လူမရှိတဲ့အချိန်မှာ ထိုးသွားတာဆိုတော့ ကျွန်တော်တို့အဖွဲ့က သေဆုံးသူကို မုံရွာဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။"လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)၏ ဥက္ကဌဖြစ်သူ ဦးစိန်ကိုကို က ပြောပြခဲ့ပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ( မတ်လ ၁ ရက်) နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးထိုးခံရမှုကြောင့် သေဆုံးခဲ့သူဟာ မုံရွာမြို့တောင်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

 

၄င်းဟာ မကြာသေးမီကာလအတွင်းက စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသူတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြမှုအရ သိရပါတယ်။

 

ယခုလို မည်သည့်အကြောင်းကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ရသည်ကိုတော့ တိတိကျကျမသိရှိရသေးပါဘူး။

 

"အချို့ကျတော့လည်း ဒလန်တို့ ဘာတို့ ကြေညာတယ်။ ဒလန်ဖြစ်နေလို့ ဘာလို့ ပေါ့၊ အခုက ဘာမှလည်း မ ကြေညာဘူး၊ မလုပ်ကြဘူး။ အခုလို ဖြစ်သွားတယ်ပေါ့။ သူကလည်း နိုင်ငံခြားက ပြန်လာတာမကြာသေးဘူး။စင်ကာပူဘက်က ပြန်လာတယ်လို့သိရတယ်။"ဟု ဦးစိန်ကိုကို က ဆက်လက်ပြောပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)

ymg/kg
#Yangon_Media_Group