#LocalNews
Published - 2 Mar 2022

 

ရှမ်းပြည်နယ် ( မြောက်ပိုင်း)၊ ကျောက်မဲမြို့ ၊ နားခေါ်ရွာရှိ ဒက်ပါခမ်းရေတံခွန်အနီးတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ကြောင့် ဒေသခံပြည်သူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်စဥ်ဟာ ယမန်နေ့( မတ်လ ၁ ရက်) နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

"ရေတံခွန်နားမှာ မိုင်း ၂ ယောက်ထိသွားတယ်။မနေ့က ကျွန်တော်တို့အသင်းက သွားကောက်ရတာပါ။ သူတို့က ငါးရှာသွားကြတယ်လို့ ပြောတယ်။ အဲ့နေရာတွေက ဟိုတလောက တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့နေရာတွေပါ၊ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေဆိုတော့ တော်တော်လေး မိုင်းအန္တရာယ်ရှိတာပေါ့။ ဒေသခံတွေအနေနဲ့ တောထဲတောင်ထဲသွားရင် အတော်လေးဂရုစိုက်ရမယ့်အနေအထားပါ။ တိုက်ပွဲတွေဖြစ်ထားတဲ့နေရာက သိတဲ့အတိုင်းပဲလေ၊ တော်တော်လေး ဂရုစိုက်သွားရမှာပေါ့ ။ ပြောရရင် မြေမြှုပ်မိုင်းက အတော်လေးကြောက်နေရတယ်။"လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦး က ပြောပြခဲ့ပါတယ်။

 

အဆိုပါ ဒဏ်ရာရ မိုင်းထိလူနာ(၂)ဦးအား ကျောက်မဲပြည်သူ့ဆေးရုံ(OPT)သို့ ဒေသခံ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

"တစ်ယောက်ကတော့ ဒဏ်ရာအတော်လေးပြင်းတယ်။ သူ့ခြေထောက်က လုံးဝပြတ်သွားတယ်။ စိုးရိမ်ရတဲ့ အနေအထားပါ။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ရှမ်းပြည်နယ် ( မြောက်ပိုင်း)၊ ကျောက်မဲမြို့အနီးတစ်ဝိုက်တွင် ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group