#LocalNews
Published - 27 Feb 2022

 

ဂမ်ဘီယာဟာ ကြားနာပွဲကို ပလက်ဖောင်းတစ်ခုအဖြစ်အသုံးချနေမှုအပေါ် တရားရုံးတော်၌ နှုတ်ဆိတ်နေနိုင်မှာမဟုတ်ဘူးလို့ မြန်မာက ဂမ်ဘီယာရဲ့ တရားရုံးမှာ ပြောဆိုချက်တွေအပေါ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

 

ဖေဖော်ဝါရီ (၂၅)ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သတ်ပြီး တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း တရားရုံးကဆုံးဖြတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးကို ကနဦးကန့်ကွက်လွှာတင်သွင်းတဲ့နောက်ဆုံးနေ့မှာ နစကဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်းမှာ အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်ကရှေ့နေကြီးများကတော့ဖြင့် ကနဦးကန့်ကွက်ကြားနာပွဲနှင့် သက်ဆိုင်ဆီလျှော်မှုမရှိတဲ့ အချက်အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုချက်တွေကို ပြလုပ်လျှောက်ထားခဲ့ခြင်းဟာ တရားရုံးတော်ဥပဒေအရ ယခုတရားရင်ဆိုင်မှုအဆင့်မှာ လျောကန်သင့်မြတ်ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်တဲ့ နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

 

မြန်မာနိုင်ငံ ဒုတိယအကြိမ် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဦးကိုကိုလှိုင်နဲ့ မြန်မာကိုယ်စားပြု နိုင်ငံတကာရှေ့နေတွေက ဂမ်ဘီယာနိုင်ငံရဲ့ ပထမအကြိမ် လျှောက်လဲမှုတွေအပေါ် တရားရုံးမှာ တုံ့ပြန်ချေပပြောဆိုခဲ့ကြပါတယ်။

 

ကန့်ကွက်လွှာနဲ့ပတ်သက်ပြီး ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်ပြီး ၂၈ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

ယခင်က မြန်မာနိုင်ငံအနေနဲ့ ဂျီနိုဆိုက်မြောက်တယ်၊ မမြောက်ဘူး ဆုံးဖြတ်ချက်မပြုလုပ်နိုင်သေးတဲ့ ကြားကာလမှာ ကြားဖြတ်အစီအမံချက် ၄ ချက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က ICJ တရားရုံးက တရားသူကြီး ၁၇ ယောက်လုံးက တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ပါတယ်။

 

နိုင်ငံအချင်းချင်း တရားစွဲတဲ့အမှုတွေကိုသာ ICJ က လက်ခံကြားနာစစ်ဆေးပြီးတော့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအနေနဲ့ နိုင်ငံတစ်နိုင်ငံကို တရားစွဲလို့ မရနိုင်ဘူးလို့ သိရပါတယ်။

 

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံအနေနဲ့ ဒီအမှုကို နယ်သာလန်တရားရုံးမှာ ရင်ဆိုင်ခဲ့ပါတယ်။

 

ymg/ei
#Yangon_Media_Group