#Local_News
Published_ 27 Feb 2022

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် ၂၇ ခုတွင်နေထိုင်သည့် အိမ်ထောင်စုပေါင်း ၁၀၀,၂၄၂ စုအတွက် ဒုတိယအကြိမ် ဆန်ဖြန့်ဝေမှုကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီ ၂၆ ရက် ယမန်နေ့က အမှတ် (၁၈) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၃,၇၅၄ စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ၅၀ kg/၂၅ ပြည်နှုန်းနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။

 

အဆိုပါ ဆန်ဖြန့်ဝေခြင်းမှာ လက်ရှိအချိန်အထိ အိမ်ထောင်စု စုစုပေါင်း ၈၈,၇၂၄ စု၊ လူဦးရေ ၃၄၀,၄၇၄ ဦးအတွက် ဖြန့်ဝေပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကျန်ရှိတဲ့ အိမ်ထောင်စုတွေကို မတ်လပထမပတ်အတွင်း ပြီးစီးအောင် ဖြန့်ဝေသွားမယ်လို့သိရပါတယ်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ နှစ်စဉ်သဘာဝဘေးအန္တရာယ်ကြောင့် ဘေးဒုက္ခခံစားနေရသူများနှင့် ပဋိပက္ခဖြစ်မှုများကြောင့် ဘေးဒုက္ခခံစားနေရသူများကို ခွဲခြားမှုမရှိဘဲ လူမှုကရုဏာအကူအညီများ ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ဒီလိုအကူအညီပေးရာမှာ ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များလှူဒါန်းသော လှူဒါန်းငွေနဲ့ ထောက်ပံ့ပစ္စည်းများလည်း ပါဝင်ပါတယ်။ လှူဒါန်းလိုသော ပစ္စည်းများနှင့် အလှူငွေများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးသို့ လူကိုယ်တိုင်ဖြစ်စေ Online မှဖြစ်စေ လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

 

ပြည်တွင်းအလှူရှင်များက Mobile Banking အမျိုးမျိုးဖြင့် လှူဒါန်းနိုင်ပြီး ပြည်ပအလှူရှင်များက Visa, Master, JCB အစရှိတဲ့ Credit Card များဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖိတ်ခေါ်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group