#LocalNews
Published - 18 Feb 2022

 

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်းတည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူကို ပြန်လည်တည်ဆောက်နေကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၇ ရက် အဆိုပါ ဟော်နန်းတည်ဆောက်ရန်ပြုလုပ်သော ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားသို့ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်း၊ လားဟူ၊ “ဝ”၊ အခါ၊ လီဆူ တိုင်းရင်းသားများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

 

ယင်း ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ကျိုင်းတုံ ဟော်နန်းကြီးကို နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်မြေနေရာ၌ ပုံစံတူပြန်လည် တည်ဆောက်နိုင်ရေး ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ဆန္ဒအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်း အဆောက်အဦကြီးနှင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန်းနီဟော်နန်းအဆောက်အဦတို့ ပျက်စီးယိုယွင်းလျက်ရှိရာ ယင်းတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ မိုင်းပွန်ဟော်နန်းကြီး မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရာနှုန်း ပြည့်ပြီးစီး၍ သိန်းနီဟော်နန်းကြီးမှာ ၆၀ ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာရှိ ၁၉၅၈ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးမှာလည်း ၂၀၁၁ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီး ခဲ့ရသဖြင့် နဂိုမူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံပေးခြင်း၊ အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်းအဝင်လမ်းများကို ပြုပြင်၊ မွမ်းမံ၊ ဖောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

"အခုက ဟော်နန်းကို ရှေးဟောင်းယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရေး အဖွဲ့အနေနဲ့ တောင်းဆိုခဲ့တယ်။ဟော်နန်းရှိခဲ့တဲ့နေရာမှာဆောက်ထားတဲ့ ဟိုတယ်ကို နှစ်ရှည်အငှားချခဲ့တယ်။ဒါကြောင့် ဟော်နန်းကို မူလအတိုင်း အခြားနေရာမှာ ဆောက်ပေးမယ် ကန့်ကွက်မယ့်သူရှိသလားလို့ မေးတယ်။ဒေသမှာလည်း အများကြီးလည်း မတတ်နိုင်။ဆောက်ပေးမယ်ဆိုတာတော့ လက်ခံမယ်။မကန့်ကွက်ကြဘဲနဲ့ လက်ခံကြတယ်။မြေကတော့ တပ်ပိုင်တဲ့မြေမှာပဲ ဆောက်ပေးမှာပါ။ဟော်နန်းပိုင်မြေနဲ့ တစ်ဆက်တည်းပါ။ ပေ ၈၀ ၊ ပေ ၁၂၀ ရှိပါတယ်"ဟု ရှမ်းပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ စိုင်းရွက်ဟောင် က YMG ကိုပြောသည်။

 

၁၉၀၃ ခုနှစ်က စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်သည် အိန္ဒိယသို့ အစည်းအဝေးတစ်ခုသွားတက်စဉ်မှာ အိန္ဒိယရှိတာ့ချ်မဟာနန်းတော်ကြီးဗိသုကာလက်ရာကို သဘောကျသည့်အတွက် ကျိုင်းတုံသို့ပြန်ရောက်သည့်အခါ အိန္ဒိယပညာရှင်တွေခေါ်ယူပြီး ၁၉၀၅ ခုနှစ်တွင် ကျိုင်းတုံဟော်နန်းအသစ်ကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုအရသိရသည်။

 

 

ကျိုင်းတုံဟော်နန်း ကို ၁၉၉၁ ခုနှစ်က ဖြိုချခဲ့ပြီး အလွှာ ၄ လွှာရှိ New Kyaing Tong Hotel (အခု Amazing Kengtong Resort) ကို တည်ဆောက်ဖွင့်လှစ်ထားခဲ့သည်။

 

ymg/mt
#Yangon_Media_Group