Published: 16 January 2022

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားစုစုပေါင်း (၁၀၁)ဦးကို စနေနေ့က နေရာသုံးနေရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာပါ သတင်းများအရသိရပါတယ်။

ပထမအသုတ်မှာ မြန်မာနိုင်ငံသား (၂၅)ဦးဟာ  ထိုင်းနိုင်ငံ ဖန်ခရိုင်မှာ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာလို့ တွေ့ရှိထိန်းသိမ်းခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီ(၂၅)ဦးမှာ အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၅ ဦးနှင့် ကလေးငယ်(၈)ဦးတို့ပါဝင်ကြပါတယ်။ သူတို့ကို ဖန်ခရိုင်၊ တမ်ဘွန်မွန်ပင်းက နောင်ဘွာခမ်းကျေးရွာမှာ သံချပ်ကားယန္တယားတပ် အမှတ်(၄) တပ်ရင်းလှည့်ကင်းအဖွဲ့ကတွေ့ရှိ  ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှင့်အတူ သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားအမျိးသားတစ်ဦးကိုပါ   ဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံ၊ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်က လာကြသူတွေဖြစ်ပြီး ချင်းမိုင်မှာ အလုပ်လုပ်ဖို့ တစ်ဦးကို ထိုင်းဘတ်ငွေ နှစ်သောင်းစီ ပွဲစားထံပေးခဲ့ကြရတယ်လို့ စစ်ဆေးချက်အရသိရပါတယ်။

နောက်တစ်ဖွဲ့ကတော့ (၃၃)ဦးပါ မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲဖြစ်ပြီး သူတို့ကို ဆိုင်းယောက်နှင့် ဆန်ခလာဘူရီခရိုင်တွေမှာ ဆူရာဆီးအထူးတပ်ဖွဲ့က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့အဖွဲ့ထဲက အမျိုးသား၁၉ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်ကြပြီး နောင်ပလာဒပ်ရွာအနီးခြုံတွေကြားထဲပုန်းအောင်းနေတာ မွန်းလွဲ၂နာရီခွဲခန့်မှာ ဖမ်းဆီးမိခဲ့ကြတာဖြစ်ပါတယ်။ ညနေ(၃)နာရီမှာတော့ နောက်ထပ်အမျိူးသမီး(၂)ဦးကို ဆန်ခလာဘူရီခရိုင် အမှတ်(၈)ကျေးရွာမှာ အခြားကင်းလှည့်အဖွဲ့ တစ်ခုကတွေ့ရှိဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံ ပဲခူးနှင့်ထားဝယ်မြို့နယ်တွေကဖြစ်ပြီး ဆမွတ်ဆခွန်၊နက်ခွန်ပက်သွန်းနှင့်ဘန်ကောက်တို့မှာ အလုပ်လုပ်ကြဖို့ တစ်ဦးကို ဘတ်တစ်သောင်းခွဲနှင့်နှစ်သောင်းကြားပေးခဲ့ရတယ်လို့သိရပါတယ်။

တတိယမြောက်အဖွဲ့ကတော့ မြန်မာနိုင်ငံသား ၄၃ဦးပါဝင်ပြီး မောင်းခရိုင်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ခဲ့တဲ့အတွက် စနေနေ့ညက ဖမ်းဆီးမိခဲ့တာပါ။အဲဒီအထဲမှာ အမျိုးသား၂၃ဦးနှင့် အမျိုးသမီး၂၀ဦးတို့ပါဝင်ကြပါတယ်။ သူတို့ဟာ ဟွေနမ်းခေါင်အနီး ပီလောပီနံစိုက်ခင်းတွေထဲမှာ ပုန်းအောင်နေတုန်းဖမ်းဆီးမိခဲ့တာလို့ ပြောပါတယ်။

သူတို့ဟာ ပဲခူး၊ရန်ကုန်၊ထားဝယ်နှင့်ဖားအံတို့ကလာခဲ့ကြတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

သူတို့ဟာ ဘန်ကောက်၊ချွန်ဘူရီ၊စမွတ်ဆခွန်နှင့်ဆမွတ်ပရက်ကန်တို့မှာ အလုပ်လုပ်ကြဖို့ အလုပ်ပွဲစားတွေကို တစ်ယောက်လျှင် ဘတ်ငွေနှစ်သောင်းကနေ နှစ်သောင်းခွဲအထိပေးခဲ့ကြရတယ်လို့ပြောပါတယ်။

အဲဒီဖမ်းဆီးမိတဲ့သူတွေကို တရားဥပဒေအရဆောင်ရွက်ပြီးတာနှင့် နေရပ်ပြန်ပို့ပေးမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

Source: Bangkok Post