#LocalNews

Published - 10 Dec 2021

 

ယခုကာလဟာ ခရီးသွားရာသီကာလဖြစ်သော်လည်း ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေကြောင့် ကချင်ပြည်နယ်သို့ ပြည်တွင်းခရီးသွားဝင် ရောက်မှုက နည်းပါးနေသေးတယ်လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

 

"ခရီးသွားတွေပြန်လာတယ်ဆိုတာက နည်းနည်းလောက်ပါဘဲ။ တချို့လည်း မဖြစ်မနေကိစ္စလောက်ပဲ လာကြတာပါ။ ခါတိုင်း အချိန်မှာဆိုရင် မနောကွင်းဘက်တို့ အင်းတော်ကြီးဘက်တို့ ဘုရားဖူးတွေ ခရီးသွားတွေ လာလည်ကြတယ်။ ပုံမှန်ကာလ ဒီအချိန်ဆိုရင် ခရီးသွားကား တွေနဲ့ အတော်စည်ကားနေပြီ။ နှစ်စဥ်နှစ်တိုင်း က ခရီးသွားတွေ ကချင်ပြည်နယ်ဘက်ကို လာကြပါတယ်။ အခုက ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာ ခရီးသွားက အတော်ကျသွားတယ်။ အရင်ဆို မိုးကုန်ပြီဆိုတာနဲ့ ခရီးသွားတွေက လာကြပြီ။ အခုက မနောပွဲလည်း မလုပ်ဖြစ်ဘူးဆို တော့ ခရီးသွားဝင်တာက ဒီဘက်တွေကို နည်းသွားတာပေါ့ ။ ပြောရရင် မရှိမဖြစ်အလုပ်ကိစ္စအတွက် သွားနေတဲ့သူတွေလောက်ပဲ သွားလာကြတာ ပေါ့" လို့ မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။

 

ကချင်ပြည်နယ်ဟာ ထင်ရှား ကျော်ကြားတဲ့ သဘာဝအလှတရားတွေကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားတွေ အများအပြားလာရောက် လည်ပတ်ကြသည့် ခရီးသွားနေရာဒေသတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ ကျော်ကြားတဲ့ မြစ်ဆုံဒေသ၊ အင်းတော်ကြီးဒေသနဲ့ ရေခဲတောင် ဒေသတို့ကို ခရီးသွားတွေက အများဆုံး သွားရောက်လည်ပတ်ကြတာပါ။

 

သို့သော်လည်း အခုကာလမှာတော့ ခရီးသွားဝင်ရောက်မှုတွေ နည်းပါးနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ ဖြိုးလာဖို့ဆိုတာ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရအုံးမည့် အခြေအနေမှာရှိနေတယ်လို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းထားကြပါတယ်။

#Yangon_Media_Group