Published:21 November 2021
မန္တလေးမြို့တွင် ဓါးခုတ်လုယက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီးယမန်နေ့ နိုဝင်ဘာ ၂၀ ရက်၊ ညပိုင်းအချိန်က ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာဆိုင်ကယ်လုယက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယမန်နေ့ည ၇ နာရီခွဲ အချိန်ခန့်က မန္တလေးမြို့၊ ပြည်ခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၁၂၇ လမ်းတွင် အသက် (၄၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတည်း စီးနင်းလာသည့် ကလစ်ဆိုင်ကယ်ကို ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် ၆ ယောက်ပါသောအဖွဲ့က ဓါးရှည်များဖြင့်ဝင်ရောက်ခုတ်ခဲ့ပြီး အဆိုပါ ကလစ်ဆိုင်ကယ်ကို လုယက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"သူက သူ့ဘာသာသူ ဆိုင်ကယ်စီးလာတာပေါ့။ အဲ့ဒါကို ဆိုင်ကယ်နှစ်စီးနဲ့ လူ ၆ ဦးပါတဲ့အဖွဲ့က ဓါးနဲ့ခုတ်ပြီး ဝိုင်းလုကြတာပါ။ ဆိုင်ကယ်လုပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာဘဲ ရပ်ကွက်နေ ပြည်သူတွေက သိသွားပြီးတော့ တုတ်တွေ ဓါးတွေနဲ့ လမ်းမပေါ်ကိုထွက်လာပြီး ဝိုင်းဝန်းကူညီကြလို့ အလုခံရတဲ့သူ အသက်မသေခဲ့တာပါ။
ဒါပေမဲ့ ကလစ်ဆိုင်ကယ်ကတော့ ပါသွားပါတယ်။ လုယူတဲ့ လူငယ်အဖွဲ့ စီးလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ ဓါးရှည်တစ်လက်ကတော့ကျန်နေခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာကိုလည်း ကျနော်တို့ ပရဟိတအသင်းကဘဲ Medical Cover ပြုလုပ်ပေးခဲ့ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်။" လို့ မန္တလေးမြို့ အခြေစိုက် ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။
အဆိုပါ မန္တလေးမြို့တွင် ဓါးခုတ်ပြီး ဆိုင်ကယ်လုယက်မှုတွေဟာ ယခုလပိုင်းအတွင်းမှာ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး အချို့ ဖြစ်စဥ်များတွင် လူသေဆုံးမှုများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ အခြေစိုက် ပရဟိတအသင်းများ၏ ပြောပြချက်အရ ယခုကာလအတွင်းမှာ လုယက်မှုဖြစ်စဥ်တွေ မကြာခဏဖြစ်ပွားနေပြီး အဆိုပါ ဖြစ်စဥ်များမှဒဏ်ရာရလူနာများကို Medical Cover ကူညီပေးနေရမှုတွေက အများဆုံးဖြစ်နေတယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။
ဓါတ်ပုံ - ရွှေမဉ္ဇူအသင်း။