#LocalNews

Published - 20 Nov 2021

ကျိုက်က္ခမီ၊ စက်စဲလမ်းဆုံအနီး ဘုရားဖူးဟိုက်ဂျက်ကားတစ်စီး ဒီကနေ့ နံနက်ပိုင်းအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူသေဆုံးခဲ့ကာ ယာဥ်ပေါ်လိုက်ပါလာသူ လူ ၉ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘုရားဖူးဟိုက်ဂျက်ယာဥ်ဟာ တစ်ဖက်ယာဥ်ကြောမှလာသည့် ကားတစ်စီးကို ရှောင်တိမ်းရင်း အခုလို တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ဒေသခံလူမှုကူညီရေးအသင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"ဒီကနေ့ နံနက် ၉ နာရီလောက်မှာဖြစ်တာ။ နေရာက စက်စဲလမ်းဆုံ မင်းသားကြီးဆီဆိုင်အနီးမှာပါ။ သူတို့က မော်လမြိုင်ကနေ ဘုရားဖူးလာတယ်လို့ သိရတယ်။ယာဥ်မောင်းက ဖြစ်ဖြစ်ချင်းမှာပဲ ဆုံးသွားတယ်။ ကားပေါ်မှာ လူ ၉ ယောက်ပါလာတယ်လို့ သိရတယ်။ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၅ ဦး ပေါ့။ စိုးရိမ်ရတဲ့လူနာတွေကိုလည်း မော်လမြိုင်ဆေးရုံကို တင်ပို့ပေးထားပါတယ်။ ပြောရရင် ဟိုက်ဂျက်ကားက စက်စဲကပြန်အထွက်မှာ မော်လမြိုင်ဘက်က ဆင်းတဲ့ကားတစ်စီးကိုရှောင်ပြီး လမ်းဘေးကျတိမ်းမှောက်သွားတာ ပေါ့။ ဖြစ်တာက ကားရှောင်ရင်းဖြစ်တာပါ။ ကားကတော့ မော်လမြိုင်ကကားပါပဲ၊ သူတို့က ဘုရားဖူးလာကြတာပါ။"လို့ ကျုံကဒတ် နာ ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

အဆိုပါ ဘုရားဖူးဟိုက်ဂျက်ကား တိမ်းမှောက်ခဲ့သည့်ဖြစ်စဥ်မှ ဒဏ်ရာရလူနာများကိုလည်း ဒေသခံလူမှုကူညီရေးအသင်းတွေက သံဖြူဇရပ်ဆေးရုံနှင့် မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိလူနာများထဲမှာ အမျိုးသမီး ၃ ဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

#Yangon_Media_Group