#LocalNews

Published - 20 Nov 2021

ဗုံးအထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူမိတဲ့ ဆိုက်ကားနင်းလုပ်သားတစ်ဦး ဗုံးပေါက်ကွဲမှုကြောင့် အူပွင့်ထွက်ပြီး သေဆုံးခဲ့ရသည့်ဖြစ်စဥ် တစ်ခု နိုဝင်ဘာလ ၁၉ ရက်၊ ညပိုင်းအချိန်က မြောက်ဥက္ကလာပမြို့နယ် အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့ရသူ ဆိုက်က္ကားနင်းလုပ်သားဟာ ဦးလှထွေးဆိုသူဖြစ်ပြီး အသက်(၅၁)နှစ် အရွယ်ရှိပြီ ဖြစ်ကာ ယမန်နေ့ညပိုင်းအချိန်က မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမပေါ်တွင် ပံ့သကူလိုက်ကောက်ရင်း အခုလိုဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

၄င်းဟာ ကားပေါ်မှ ချသွားတဲ့ အထုပ်တစ်ထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူစဉ် အထုပ်ဟာ ပံ့သကူမဟုတ်ဘဲ လက်လုပ်မိုင်းဖြစ်နေပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အဆိုပါပေါက်ကွဲမှုအရှိန်ကြောင့်ဘဲ ဗိုက်အရေခွံပွင့်ထွက်၍ ဆေးရုံအရောက်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

"သူကတော့ ပံ့သကူမှတ်ပြီး ကောက်လိုက်တာပေါ့။ ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်ပြီး ရရှိဒဏ်ရာနဲ့ပဲ မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်အရောက်မှာ သေဆုံးသွားခဲ့တာပါ။ သူ့မိသားစုကလည်း နွမ်းပါးပါတယ်၊ အခုလည်းသူ့ကို ကူညီပေးနိုင်ဖို့လုပ် ဆောင်နေပါတယ်၊ကူညီလှူဒါန်းချင်သူတွေရှိရင်လည်း သူအိမ်လိပ်စာဖြစ်တဲ့ မြောက်ဥက္ကလာပ၊ ဧရာ(၂၂)လမ်း၊ (ည)ရပ်ကွက်၊ အိမ်အမှတ် (၁၂၂၄)တောင်ဘက်ခြမ်းကို တိုက်ရိုက်သွားရောက်ပြီး ကူညီလှူဒါန်းပေးလိုရပါတယ်" လို့ အဆိုပါကိစ္စရပ်တွင် လိုက်ပါကူညီဆောင်ရွက်ပေးနေသူ
တစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်နေ့ ရုံးပိတ်ရက်ကာလဟာ မြန်မာ့ရိုးရာအစဥ်အလာအရ အလှူအတန်းပြုလုပ်မှုတွေနဲ့ ပံ့သကူလှူဒါန်းမှုတွေ များပြားတဲ့ကာလတစ်ခု ဖြစ်ပါတယ်။

အဆိုပါကာလတွင် ပံ့သကူလိုက်လံ ကောက်ယူသူတွေ အများအပြားရှိခဲ့တာဖြစ်ပြီး မြို့နယ်အချို့တွင်ကားလမ်းတွေဘေးမှာ စောင့်ဆိုင်းပြီး ပံ့သကူကောက်ယူသူတွေရှိခဲ့သလို လူအုပ်ကြီးတွေနဲ့ ပံ့သကူလိုက်လံ ကောက်ယူမှုတွေရှိခဲ့သည့် ဗီဒီယိုဖိုင်အချို့လည်း လူမှုကွန်ရက် ပေါ်မှာပျံ့နှံခဲ့တာဖြစ်ပါတယ်။

Photo - CJ

#Yangon_Media_Group