🛑 အလုပ်အကိုင်ရှာဖွေရေးဖေ့စ်ဘုတ်ခ်အွန်လိုင်းဂရု(ပ်)တွေကတစ်ဆင့်လိမ်လည်မှုများရှိနေ
🛑ဒေါ်လာသောင်းချီလိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့
Published 17 October 2021
လက်ရှိကာလတွင် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကို အကြောင်းပြုပြီး ပြည်ပတွင် အလုပ်အကိုင် အပူတပြင်း လိုချင်သူများကို အဓိက ပစ်မှတ်ထား၍ လူခေါ်အေးဂျင့် အချို့ကအွန်လိုင်းမှတစ်ဆင့် ငွေကြေး လိမ်လည်မှုများရှိနေကြောင်း သိရပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု ဆိုကာ လူခေါ် အေးဂျင့်တစ်ဦးက အလုပ်ရှာဖွေသူများထံမှ ဒေါ်လာသောင်းချီ လိမ်လည်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး စင်ကာပူနိုင်ငံတွင်နေထိုင်သည့် မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် မြန်မာနိုင်ငံသားအများအပြား လိမ်လည်ခံလိုက်ရကြောင်း သိရပါတယ်။
အဆိုပါလိမ်လည်သူ လူခေါ်အေးဂျင့်က လူမှုကွန်ရက်ပေါ် ရှိ စင်ကာပူ အလုပ်အကိုင်ရှာဖွေရေးဂရု(ပ်)များနှင့် ၄င်း၏ ကိုယ်ပိုင်အကောင့်များဖြစ်သည့် Htet Phyo အေဂျင်စီ ,Ei Mon Phyo အမည်ရှိ ဖေ့ဘုတ်အကောင့်များကနေ စင်ကာပူနိုင်ငံတွင် အလုပ်ရရှိမည်ဟုဆိုကာ အလုပ်ခေါ်စာများတင်ခဲ့ပြီးနောက် ၄င်းတို့ကို ယုံကြည်၍ အလုပ်အပ်နှံသူများထံမှ ဒေါ်လာ သောင်းချီ လိမ်လည်ရယူပြီး ထွက်ပြေးတိမ်းရှောင် သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ညီမအပါအဝင် လူ ၁၅ ယောက်ကို Spass တင်ပေးမယ်ဆိုပြီး လိမ်သွားတာပါ။
လူတစ်ယောက်ကို စင်ကာပူဒေါ်လာ တစ်ထောင်နှုန်းနဲ့ပါ။ ညီမတို့ကို IPA အလုပ်ခေါ်စာ ဒီလ ၁၄ ရက်နေ့မှာ ကျမယ်ဆိုပြီးတော့ လိမ်သွားတာပါ။ ညီမတို့က အခုလက်ရှိ စင်ကာပူမှာ နေထိုင် အလုပ်လုပ်နေတဲ့သူတွေပါ။ ပြောရရင် ညီမတို့က Work Permit ကနေ Spass ပြောင်းတာပေါ့။ အဲ့ဒါကို လိမ်သွားတာပါ။ ညီမသိရ သလောက်ဆို ညီမတို့ သူငယ်ချင်း ၅ ယောက်ရယ်၊ မြန်မာဘက်က လူ ၁၁ ယောက်ရယ်ကို လိမ်သွားတာ သူတို့တင်တဲ့ အလုပ်ခေါ်စာတွေကလည်း အတုတွေပါ။ ဒေါ်လာ သောင်းကျော် လိမ်သွားတာ တော်တော်များများပါသွားကြတယ်။ သူတို့နေတဲ့ ရုံးဖွင့်ထားတဲ့ ရွှေပေါက်က္ကံတို့ အရှေ့ ဒဂုံတို့ အိမ်တွေကို လူလွတ်ပြီးသွားကြည့်ခိုင်းတော့ ဘာမှ မရှိတော့ဘူး။ နေ့ချင်း၊ညချင်းပြောင်းတာ အကိုတစ်ယောက်ဆို သူ့အိမ်ပေါင်ပြီးသွားဖို့ လုပ်တာ အဲ့အကိုပါ အလိမ်ခံလိုက်ရတယ်။ အဲ့လူလိမ်တွေနောက် သူရဲ့ ပတ်စပို့စ်တွေရော ကားလိုင်စင်တွေရော ပါသွားတယ်လို့ သိရပါတယ်။ ညီမကတော့ သူတို့နဲ့ဆို မလုပ်ဖို့ပဲ ပြောချင်ပါတယ်။"လို့ ငွေကြေးလိမ်လည်ခံရသူ စင်ကာပူနိုင်ငံတွင် နေထိုင်သည့် မတုံတုံ(အမည်လွဲ)က ပြောပြခဲ့ပါတယ်။
ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဂရုတွေရဲ့အချက်အလက်များ အရ ယခုကာလအတွင်းမှာ ငွေကြေးလိမ်လည်ခံရသူများ အလွန်များပြားနေတယ်လို့လည်း သိရပါတယ်။
"ညီမအဒေါ်က စင်ကာပူမှာနေတော့ သူက မလုပ်နဲ့အုံး၊ မလာနဲ့အုံးဆိုလို့ ညီမလည်း ဒီအတိုင်းနေလိုက်တာ အဲ့ကြောင့် အလိမ်ခံတဲ့ အထဲမပါသွားတာပါ။ ဒီလိုခက်ခဲနေတဲ့ ကာလမှာ လုပ်ရက်လိုက်ကြတာ သွားတဲ့သူတွေကလည်း အဆင်ပြေလို့ သွားကြတာမဟုတ်ဘူးလေ၊ ရှိတာလေး ပေါင်နှံရောင်းချပြီးသွားကြရတာပါ။"လို့ မဖြူဖြူ (အမည်လွဲ)က ပြောပြခဲ့ပါတယ်။
လက်ရှိကာလတွင် ပြည်ပကို ထွက်ခွာ အလုပ် လုပ်ကိုင်လိုသူများအနေနဲ့ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများ အပါအဝင် သက်ဆိုင်ရာ သံရုံးတွေကို ဆက်သွယ်လုပ်ကိုင်သင့်ကြောင်း၊ ပြည်ပနိုင်ငံများရှိ လူခံများထံသို့အရင်ဆက်သွယ်ပြီး အလုပ်မှန်ကန်မှု ရှိ၊မရှိ ပို့ဆောင်ပေးသည့် အေးဂျင့်များကအလုပ်ပေးနိုင်မှု ရှိ၊မရှိနှင့် လိုင်စင်(မှတ်ပုံတင်)တင်ထားသည့် တရားဝင် အေးဂျင့် ဖြစ်၊မဖြစ်တို့ကို တို့ကို သေချာလေ့လာ စုံစမ်းပြီးမှသာ သွားလာသင့်တယ်လို့လည်း စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက အကြံပြုထားပါတယ်။
"စင်ကာပူက လုံးဝကိုအဝင်ပိတ်ထားတာပါ။ လာလို့ မရသေးပါဘူး။ သူတို့က အဝင်မခံပါဘူး။ Spass ရော Work Permit ရော ဘာနဲ့လာလာ မရပါဘူး။ အဝင်တွေပိတ်ထားပါသေးတယ်။ တချို့တလေ သက်ကြီးရွယ်အိုတို့ ဘိုးဘွားစောင့်ရှောက်ခွင့်နဲ့ လာမယ့်သူတွေကိုတော့ ကျန်းမာရေးပိုင်းဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် သူတို့နိုင်ငံရဲ့ လိုအပ်ချက်အရ တစ်ဦးစ၊ နှစ်ဦးစလောက် သာဝင်ခွင့်ပြုနေတာပါ။ အစားအသောက် လေယာဥ်တွေက လွဲပြီး လူတွေ အလုပ်သမားတွေကို ဝင်ခွင့်မပြုသေးပါဘူး။" လို့ စင်ကာပူတွင် နေထိုင် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား တစ်ဦးက ယခုလို ရှင်းပြပေးခဲ့ပါတယ်။
စင်ကာပူနိုင်ငံဘက်က ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အတွက် လက်ရှိကာလတွင် လူဝင်ရောက်မှုကို လုံးဝ ပိတ်ပင်ထားပြီး ရောဂါဖြစ်ပွားမှုနှုန်းများနေသည့် မြန်မာ၊ဘဂ်လားဒေ့ရှ်၊နီပေါ၊ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ လာရောက်မည့်သူများကို ပြည်ဝင်ခွင့် မပြုသေးဘဲ ကန့်သတ် ပိတ်ပင်မှုတွေကို ပြုလုပ်ထားတာဖြစ်ပါတယ်။