Published 09 March 2024

အမေရိကန်ပြည်ထောင်စုမှာ TikTok အက်ပ်လီကေးရှင်း လွှမ်းမိုးမှုရုပ်သိမ်းဖို့ တရုတ်နိုင်ငံမှ ByteDance ကုမ္ပဏီကို ၆ လအချိန်ပေးသွားမယ့် ဥပဒေကို လက်မှတ်ထိုးပေးဖွယ်ရှိတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံသား သန်း ၁၇၀ လောက် အသုံးပြုနေကြတဲ့ အက်ပ်လီကေးရှင်းကို ပိတ်ပင်မှာနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်လာပါတယ်။

ထိုသို့ပိတ်ပင်သွားဖို့ကို ကြာသပတေးနေ့က ကော်မတီတစ်ရပ်မှ တညီတညွတ်တည်း လက်ခံပြီးနောက် လာမယ့် အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့မှာ တစ်တော့ပိတ်ပင်ခြင်း ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်သွားဖို့ အမေရိကန်အောက်လွှတ်တော်က စီစဥ်ထားပါတယ်။

မဲပေးမှုမှ ၃ ပုံ ၂ ပုံထောက်ခံမဲရခဲ့ရင် အဆိုပြုချက်ကို အသိအမှတ်ပြုသွားမယ့် စနစ်အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လွှတ်တော်ဘက်က အတည်ပြုပြီးရင် လက်မှတ်ထိုးပေးသွားမယ်လို့ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောပြပါတယ်။

အထက်လွှတ်တော်မှာတော့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေကာ အချို့အမတ်တွေက ဥပဒေကို အပြောင်းအလဲ ပြုလုပ်ချင်နေကြပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ယူရန်မျှော်မှန်းနေတဲ့ ဒေါ်နယ်ထရမ့်က တစ်တော့ပိတ်ပင်ခြင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်လိုက်ကာ တစ်တော့မရှိတော့တဲ့အတွက် ဖေ့စ်ဘွတ်ခ်က ပိုမိုအားကောင်းလာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန် ကပ်ပီတိုလ်လွှတ်တော် အုံကြွမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်စ်က ထရမ့်ရဲ့အကောင့်တွေကို ပိတ်ပင်ခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီမှာတော့ ပြန်ဖွင့်ပေးခဲ့ပါတယ်။

ထရမ့်လက်ထက်မှာ ဒုသမ္မတဖြစ်ခဲ့ဖူးတဲ့ မိုက်ခ်ပန့်စ်က တစ်တော့နဲ့ ပတ်သက်ပြီး တရုတ်ဟာ အမေရိကန်မှ ကလေးတွေရဲ့စိတ်ကို မကောင်းတာတွေ ထည့်သွင်းပေးနေတယ်လို့ ဖော်ပြသွားပါတယ်။

ဥပဒေကြမ်းအရ တစ်တော့ကိုရုပ်သိမ်းပေးဖို့ ByteDance ကုမ္ပဏီကို အချိန် ၁၆၅ ရက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင် အက်ပဲလ်၊ အယ်လ်ဖာဘက်၊ ဂူဂဲလ်တို့မှ ဝန်ဆောင်မှုပေးနေတဲ့ အက်ပ်လီကေးရှင်းစတိုးတွေမှာ တစ်တော့ကို တရားဝင်ထည့်သွင်းသွားမှာ မဟုတ်သလို ByteDance မှထိန်းချုပ်နေတဲ့ အက်ပ်လီကေးရှင်းတွေကို ဝက်ဘ်ဆိုက်တွေမှာ လက်ခံသုံးစွဲခွင့် ပေးသွားမှာ မဟုတ်ပါဘူး။

တစ်တော့ကနေ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကောက်ယူခြင်းဖြင့် အမေရိကန်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တရုတ်ကွန်မြူနစ်ပါတီထံ ရောက်ရှိစေနိုင်တယ်လို့ ၂၀၂၀ မှာ ထရမ့်က ပြောကြားခဲ့ဖူးပါတယ်။

တစ်တော့ကတော့ ဒီအချက်အလက်တွေကို တရုတ်အစိုးရထံ မပေးဘူးလို့ ငြင်းဆိုကာ ယင်းတို့ရဲ့ အက်ပ်လီကေးရှင်း ပိတ်ပင်ခြင်းဥပဒေကြမ်းကို ငြင်းခုံနေပါတယ်။

တစ်တော့က ၆ လအတွင်း ရုပ်သိမ်းသွားမလားဆိုတာကို သေချာမသိရသေးပါဘူး။

ဥပဒေကြမ်းအရ အမေရိကန်မှာ တစ်တော့ကို လုံးဝပိတ်ပင်မယ့်ရလဒ်မျိုး မြင်တွေ့နေရပြီး အမေရိကန် နိုင်ငံသား သန်း ၁၇၀ ရဲ့ လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်ကို အစိုးရက ချိုးဖျက်ရန် ကြိုးပမ်းနေတယ်လို့ ByteDance က ဆိုပါတယ်။
Source: Reuters
#World_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group