#WorldPolitics
Published 08 February 2022

 

ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းကိုကျူးကျော်လာပါက Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို အဆုံးသတ်ဟန့်တားပစ်မယ်လို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

 

ဘန်ဒန်ဟာ အနောက်နိုင်ငံက ဥရောပအတွင်းစစ်ပွဲဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ထားပြီး ဂျာမနီနိုင်ငံအဓိပတိအကြီးအမှူး 'အိုလက်ဖ်ရှော့လ်ဇ်'နဲ့ စည်းလုံးညီညွတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

 

ရုရှားကနေ ဂျာမနီအထိ ဆက်သွယ်ဆောက်လုပ်နေတဲ့ ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြီးဟာ ဆယ်စုနှစ်တိုင်တဲ့အထိ ကြာမြင့်နေပြီဖြစ်ပြီး ထိုစီမံကိန်းကို 'ဘိုင်ဒန်'က နှစ်ရှည်လများဆန့်ကျင်နေခဲ့ပါတယ်။

 

အသစ်တက်ရောက်လာတဲ့ ဂျာမနီခေါင်းဆောင်နဲ့ 'ဘိုင်ဒန်'တို့ အိမ်ဖြူတော်ရှိ မီဒီယာရှင်းလင်းပွဲမှာတွေ့ဆုံကြရာ ယူကရိန်းနယ်စပ်ကို ရုရှားစစ်တပ်များဝင်ရောက်လာပါက ဂတ်စ်ပိုက်လိုင်းကို ပိတ်ချပစ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

 

"ယူကရိန်းနယ်နိမိတ်ကို ရုရှားဘက်က တင့်ကားဖြစ်ဖြစ် စစ်သားပဲဖြစ်ဖြစ် ကျူးကျော်ပြီဆိုတာနဲ့ Nord Stream 2 ဂတ်စ်ပိုက်လိုင်းကို အဆုံးသတ်ပစ်မှာပါ။ ကျွန်တော်ကတိပေးပါတယ်။ မရရအောင် အဆုံးသတ်ပစ်မှာပါ" လို့ 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။

 

ယူကရိန်း၊ ရုရှား၊ ဒဏ်ခတ်ပိတ်ဆိုခြင်းကိစ္စတွေမှာ အမေရိကန်နဲ့ ဂျာမနီတို့က ဦးတည်ချက်အတူတူပဲဖြစ်ကြောင်း 'ရှော့လ်ဇ်'က ဆိုခဲ့ပေမယ့် Nord Stream 2 နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို တိုက်ရိုက်အတည်ပြုပြောကြားခြင်းမရှိသလို ခရီးလာရောက်လည်ပတ်စဉ်အတွင်းမှာလည်း ပိုက်လိုင်းအကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

 

ရုရှားတို့က ယူကရိန်းနယ်စပ်အနီးမှာ စစ်အင်အား ၁ သိန်းခန့် ဖြန့်ကျက်ထားပေမယ့် ကျူးကျော်ဖို့ရည်ရွယ်ထားခြင်းမရှိကြောင်း ဆိုလိုက်ပါတယ်။

 

အမေရိကန်မှအရာရှိတွေကတော့ ရုရှားတို့က ရက်ပိုင်းအတွင်း ဒါမှမဟုတ် လာမယ့်သီတင်းပတ်များအတွင်း တိုက်ခိုက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

 

လက်ရှိအကျပ်အတည်းကိစ္စမှာ 'ရှော့လ်ဇ်'အနေနဲ့ ထိထိရောက်ရောက် ဦးဆောင်ခြင်းမပြုနိုင်ဘူးလို့ ပြည်တွင်းပြည်ပမှ ဝေဖန်မှုများရှိနေပါတယ်။

 

ရုရှားအနေနဲ့ ယူကရိန်းကိုကျူးကျော်ပါက ဆုံးရှုံးမှုကြီးမားသွားမှာဖြစ်ကြောင်း ဆိုလိုက်ပြီး ဂျာမနီနဲ့ အမေရိကန်တို့က ရပ်တည်ချက်တူညီကြောင်း 'ရှော့လ်ဇ်းက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

 

ဂတ်စ်ပိုက်လိုင်း စတင်မထုတ်လွှတ်ခင်ကပင် ဂျာမနီနိုင်ငံရဲ့လိုအပ်ချက်တဝက်လောက်အတွက် ရုရှားဓာတ်ငွေ့ကို အသုံးပြုလျက်ရှိပါတယ်။

 

အနည်းဆုံး ၂၀၂၂ ခုနှစ် နောက်ပိုင်း ၆ လမတိုင်ခင်အထိ Nord Stream 2 ပိုက်လိုင်းကို ခွင့်ပြုဖို့ နှောင့်နှေးထားဦးမှာဖြစ်ပေမယ့် ပြီးခါနီးဖြစ်နေတဲ့စီမံကိန်းကို ဖျက်ပစ်ဖို့တော့ ငြင်းပယ်ခဲ့ပါတယ်။

 

'ဘိုင်ဒန်'နဲ့ 'ရှော့လ်ဇ်'တို့ဟာ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေးအရဖြေရှင်းဖို့ကိုသာ အလေးထားဆွေးနွေးခဲ့ကြပါတယ်။

 

Nord Stream 2 ဂတ်စ်ပိုက်လိုင်းကိစ္စမှာ 'ရှော့လ်ဇ်'အနေနဲ့ ဘယ်ဘက်ကရပ်တည်မလဲဆိုတာကို ရှင်းလင်းပြတ်သားဖို့လိုအပ်ပြီး ယူကရိန်းကိုထောက်ပံ့ကူညီဆဲဆိုတာကို အခြားနည်းလမ်းတွေနဲ့ သက်သေပြဖို့လိုအပ်နေပါပြီ။

 

Source: Reuters
#Yangon_Media_Group